Thursday, December 10, 2020

နောက်ကျမှ ပြည့်တဲ့ ဆုတောင်း

 နောက်ကျမှ ပြည့်တဲ့ ဆုတောင်း

အိမ်ပေါ်ကို စွန်တစ်ကောင် ပြတ်ကျထားတာ တစ်ပတ်လောက်ရှိပြီ။ စာရေးရင် စွန်တစ်ခုလို့ ရေးရမလားတော့မသိ။ ကဗျာဆန်ဆန်ရေးရင်တော့ စွန်တစ်စင်းပေါ့။ အခုနောက်ပိုင်း အရေးအသား အခေါ်ဝေါ်တွေနဲ့ ပတ်သတ်ပြီး သိပ်တောင် အလေးမထားချင်တော့ဘူး။ ဘာသာစကားဆိုတာကိုက ရွေ့လျောတတ်တဲ့ သဘောလည်းရှိတော့ နောင်နှစ် ၅၀/၁၀၀ ကိုယ်မရှိတော့တဲ့အချိန်မှာ စွန်တစ်ချပ်၊ စွန်တစ်ပြား၊ စွန်တစ်ဦး လို့ပြောချင်ပြောနေကြမှာ။ စွန်ကိုတောင် ဆလိမ်နဲ့ ဆွန် နေကြမလားမသိ။ စွန်ဆိုတဲ့အသုံးအနှုန်းဟာ မကောင်းဘူး လေတံခွန်လို့ပဲ သုံးရမယ်ဆိုပြီး သတ်မှတ်နေကြမလား မပြောတတ်။ အခုပဲ သိပ်အလေးမထား‌တော့ဘူးဆိုတာကို အရင်ပြောနေမိတယ်။

တကယ်ပြောချင်တာက အဲဒီ့ စွန်တစ်ကောင်၊ စွန်တစ်ခု၊ စွန်တစ်စင်း၊ စွန်တစ်ချပ်၊ စွန်တစ်ပြား၊ စွန်တစ်ဦး ကိုယ့်အိမ်ပေါ်ကို တည့်တည့်ကြီး ပြတ်ကျနေတာ ဘယ်လိုမှကို စိတ်ထဲမှာ မရှိဘူး။ မီးဖိုဆောင် ခေါင်မိုးပေါ်ကို ကျနေတာ။ အပါ်ထပ် ကျွန်တော့်အခန်းရဲ့ ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ လက်တစ်ကမ်းမှာပဲ။ စတွေ့တွေ့ချင်း ဪ စွန်တစ်ကောင် ပြတ်ကျနေပါလား ဆိုတာကလွဲလို့ ဘာမှမထူးခြားခဲ့ဘူး။ ဒီစွန်ကို လိုလည်း မလိုချင်ဘူး။ ဒီစွန်နဲ့ဆော့ကစားဖြစ်ဖို့ဆိုတာတော့ အဝေးကြီးမှာ။ ဒါပေမယ့် ဒီစွန်က အတွေးတွေအများကြီး ဆက်တွေးစေခဲ့တယ်။ ဒါနဲ့ပဲ အမှတ်တရ ဓာတ်ပုံလေးရိုက်ယူထားခဲ့တာ။


ငယ်ငယ်တုန်းကဆိုရင်တော့ တော်တော်ကြီးကို ပျော်မိမှာပေါ့။ ကိုယ်တိုင်လည်း ငယ်ငယ်က စွှန်လွှတ်ပြီး ကစားခဲ့ဖူးပါတယ်။ ရစ်ဘီးတစ်ခုလည်း ပိုင်ဆိုင်ခဲ့ဖူးသလို စွန်တွေလည်း အမျိုးမျိုး လွှတ်ဖူးပါတယ်။ သိပ်ကျွမ်းကျင်တဲ့ အဆင့်တော့ မဟုတ်ဘူးပေါ့လေ။ နှစ်တိုင်းလည်း မလွှတ်ဖြစ်ခဲ့ဘူးဆိုတော့ လွှတ်တတ်တယ်ဆိုရုံလေးပါ။ စွန်လွှတ်တဲ့ရာသီရောက်ရင် စွန်တွေလွှတ်ကြ မှန်စာတိုက်ကြ စွန်တွေဖြတ်ကြနဲ့ တော်တော်ပျော်ဖို့ကောင်းခဲ့ကြတယ်လို့တော့ မှတ်မိနေတာပါပဲ။ ဒီစွန်လေးကြောင့်ပဲ အခုခေတ် ကလေးတချို့လည်း စွန်လွှတ်ကစား နေကြတုန်းပါလားလို့လည်း သိလိုက်ရတယ်။

ငယ်ငယ်က စွန်တွေဖြတ်ကြလို့ ပြတ်သွားပြီဆိုရင် စွန်လိုက်ကြတယ်ဆိုတာရှိတယ်။ စွန်ပြတ်ကျသွားတဲ့နောက်ကို ပြေးလိုက်ကြပြီး လုကြတာပေါ့။ ကလေးတွေအတွက် အန္တရာယ်တော့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အဲလို လိုက်မလုခဲ့ဖူးပါဘူး။ ကိုယ်တိုင်လည်း စွန်ဝယ်နိုင်တယ်ဆိုပေမယ့် ပြတ်ကျသွားတဲ့စွန်ကို လိုတော့လိုချင်ခဲ့ဖူးတာပေါ့။ စိတ်ကူးယဉ်ခဲ့ ကျိတ်ပြီးဆုတောင်းခဲ့တာက ပြတ်ကျသွားတဲ့ စွန်တွေ ငါတို့အိမ်ပေါ်တည့်တည့်ကျရင် ကောင်းမှာပဲပေါ့၊ အဲဒါဆိုဘယ်သူမှ လာလုလို့မရတော့ဘူး၊ တစ်ယောက်တည်း အေးအေးဆေးဆေး ကောက်လိုက်ရုံပဲပေါ့။

ဆုတောင်းက အခုမှပြည့်တယ်။ ဒါပေမယ့် မပျော်တော့ဘူး။ ဆုတောင်းတွေဟာ အချိန်နောက်ကျမှ ပြည့်ရင် အဓိပ္ပါယ် မရှိတတ်တာ လက်တွေ့သိခွင့်ရလိုက်တာပေါ့လေ။

အခုနေ ဘယ်လိုဆုတောင်းမျိုး ပြည့်ရင်ပျော်မလဲ စဉ်းစားမိပြန်ရော။ နတ်သမီးလေးတစ်ပါး နတ်သက်ကြွေ လူဖြစ်ပြီး ကျွန်တော့်ပြတင်းပေါက် ဘောင်ပေါ်ရောက်နေ၊ မနက် ပြတင်းပေါက်ဖွင့်တော့တွေ့။ ခွိခွိ။ အဲဒါဆို ပျော်မလား။ အိမ်းးးး ... ဒါလည်း ပျော်မလား မပျော်ဘူးလား သိပ်မသေချာဘူး။
ဖေ့စ်ဘုတ်ပေါ် စာရေးပြီးတင်လိုက်ပါမယ်လေ Haha ၁၀၀ လောက်ရရင် နည်းနည်းတော့ ပျော်ရတာပေါ့။

တီဇက်ကေ 
၁၀ ဒီဇင်ဘာ ၂၀၂၀