Sunday, November 22, 2009

ကျွန်တော့်ချစ်သူများ နှင့် ကျွန်တော်

ကျွန်တော့်ချစ်သူများ နှင့် ကျွန်တော်

ခေါင်းစဉ်ဖတ်ပြီး တော်တော်စိတ်ဝင်စားသွားကြပြီထင်ပါတယ်။
ဒီ blog post ဟာ အပျင်းပြေဖတ်ရန် ရေးထားခြင်းဖြစ်ပါတယ်။ (မပျင်းတဲ့သူများ အချိန်ကုန်မှာဆိုးတဲ့သူများ မဖတ်ရပါ)
ကျွန်တော့်တစ်ယောက်တည်း အကြောင်း blog ရေးတင်လို့ဖြစ်ပေမယ့် ကျွန်တော့်ချစ်သူတွေ အကြောင်းတော့ ရေးလို့မဖြစ်ဖူးခင်ဗျ :D
(ရေးမိလို့ကတော နားရွက်ဆွဲခံရမယ် ဗိုက်ခေါက်လိမ်ခံရမယ် ထိုင်ထလုပ်ရမယ် ဒူးထောက်လက်မြှောက်လုပ်ရမယ်
ပြီးတော့ ...ဘယ်လိုဒဏ်ပေးခံရမလဲဆိုတော့ .... ပြောတော့ဘူး ကြောက်တယ်) :D
MITP member တွေက "ဘာလို့ IT နဲ့ မဆီတဲ့မှမဆိုင် တာတွေ လာရေးနေတာလဲ" လို့ ၀ိုင်းပြီးပြောကြမှာထက် ပိုကြောက်မိပါတယ်။

ဒါဆို ခေါင်းစဉ်ကိုဘာလို့ ဒီလိုပေးလဲဆိုတော့ ဒီိလိုရှိပါတယ် :)
ကျွန်တော် computer programming ကိုစလေ့လာကာစတုန်းက ကျွန်တော့်ရဲ့ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ဒီလိုခင်ဗျ။
****************
programmer တွေအတွက် တစ််ကယ့်မိန်းကလေးချစ်သူတွေဟာ ဒုတိယနေရာမှာပဲရှိပြီး program တွေကသာ ပထမနေရာမှာရှိပါတယ် တဲ့။
ဘာလို့လဲဆိုတော့၊ တစ်ချို့ programmer တွေဟာ program ရေးပြီဆိုရင် ထမင်းမေ့ဟင်းမေ့ ရေးတတ်ကြတယ် တဲ့။
တစ်ချိို့ဆိုလည်း နေ့မအိပ် ညမအိပ် ရေးတတ်ကြတယ် စားလည်းဒီစိတ် သွားလည်းဒီစိတ် ဖြစ်တတ်ကြတယ်။
အိပ်နေတုန်း အိပ်မက် မက်ရင်တောင် အိပ်မက်ထဲမှာ program ရေးကြတယ် (မယုံမရှိကြပါနဲ့ အိပ်မက်ထဲက ကိုယ်တွေ့ပါ :P )
တစ်ခါတစ်လေ program ရေးနေတုန်းမှာ ဘေးကတစ်ယောက်က စကားလာပြောရင်တောင် ဘာပြောလိုက်မှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်တတ်တယ်။
အင်း... programming စျာန်ဝင်နေရင် တစ်ခြားဘာအာရုံမှ မရှိတော့ဘူး။
မိုးမမြင်လေမမြင်ဆိုတာ တစ်ကယ်ပါပဲ။ (ဘာလို့လဲဆိုတော့ ပြတင်းပေါက်ပိတ်ထားတဲ့ အခန်းထဲမှာ program ရေးတာကိုး။ :D)
*******************
ဒါကတော့ ကျွန်တော့်ဆရာ ပြောခဲ့တာပါ။

ဒီရက်ပိုင်းထဲ ကျွန်တော် programming ebook တစ်အုပ်ဖတ်ဖြစ်တယ်ဗျ။
စာဖတ်ရင်းနဲ့ ညောင်းလာတော့ အိပ်ရာပေါ်လှဲရင်း အတွေးနယ်ချဲ့မိရော။
အတွေးနယ်ချဲ့တယ်လို့သာ စာသံ ကဗျာသံနဲ့ လျှောက်ပြောတာပါ တစ်ကယ်တော့ ကျွန်တော် သင်ခဲ့ဖူး လေ့လာခဲ့ဖူးတဲ့
programming language တွေအကြောင်းတွေးမိတာဗျ။ ပြန်တွေးမိတော့လည်း ဆွတ်ပျံ့လွမ်းမောစရာလေးတွေပေါ့။ :P
ပြီးတော့ ကျွန်တော့် ဆရာပြောဖူးတဲ့ programming is first love ဆိုတာကို ပြန်သတိရတာ။
အဲဒီကစပြီး ဒီလို အူကြောင်ကြောင် blog post တစ်ခု ဖြစ်ဖို့ အကြောင်းစတာပါပဲ။
ဒီလောက်ဆို ကျွန်တော်ပြောမယ့် ချစ်သူဆိုတာ programming language တွေကို ပြောမှာလို့ သိလောက်ပါပြီ။

ကျွန်တော့်ရဲ့ ပထမဆုံး ချစ်ဦးသူ ဖြစ်ခဲ့သူကတော့ BASICA ပါ။ သူက တစ်ကယ့်ကို ရိုးရိုးယဉ်ယဉ်လေးပါ။
ဒါပေမယ့် ကျွန်တော်ကို ချစ်တတ်အောင် စသင်ပေးခဲ့သူပါ။ သူကြောင့် အချစ်အကြောင်းကျွန်တော် စပြီးနားလည်လာရပါတယ်။
အချစ်ဦးဆိုတော့ မမေ့ဘူးပေါ့ဗျာ။ ပြောနေရင်းတောင် သတိရပါတယ်။ !_!

ကျွန်တော် မကောင်းတာလည်းပါပါတယ်။ BASICA နဲ့ ချစ်သူဖြစ်နေရက်နဲ့ C++ နဲ့ ထပ်ချစ်မိတယ်။
C++ ကတော့ BASICA လို ရိုးရိုးလေး မဟုတ်ဖူး။ သူက မာယာ အရမ်းများတယ်။ နည်းနည်းတောင် ကြောက်မိခဲ့ပါတယ်။
ချစ်မိတော့လည်း အပြစ်မယူပဲ ခွင့်လွှတ်ခဲ့ရတာပေါဗျာ။ နောက်ပိုင်း သူ့ရဲ့ မာယာတွေကို ပိုနားလည်လာနိုင်တော့ သူအပေါ် ပိုအလိုက်သိနိုင်ခဲ့လို့ အဆင်ပြေခဲ့ပါတယ်။
သူသင်ပေးတဲ့ အချစ်သင်ခန်းစာတွေဟာ ကျွန်တော့်အတွက် အရမ်းတန်ဖိုးရှိခဲ့ပါတယ်။

ကျွန်တော် လွန်တယ်လို့ပဲ ၀န်ခံပါရစေ။ Pascal နဲ့လည်း ကျွန်တော် အီစီကလီ လုပ်မိပါသေးတယ်။ အရမ်းကြီးတော့ မချစ်လိုက်ရပါဘူး။
အရမ်းချစ်ခဲ့ရဖူးတဲ့သူ တစ်ယောက်တော့ရှိပါတယ်။ သူကတော့ အခုဘယ်ဆီကိုရောက်နေသလဲတောင် မသိတော့ပါဘူး။
သူကတော့ FoxPro ပါ။ သူ့ကိုသတိရရင်တော့ လေးဖြူရဲ့ ဘယ်ဆီကိုမင်းရောက်နေမလဲ သီချင်းကို ခပ်ဆွေးဆွေးလေး ဆိုမိပါတယ်။ :P

ကျွန်တော် အချစ်အကြောင်း တော်တော်လေးသိလာတဲ့ အချိန်မှာ သူနဲ့ ဆုံစည်းဖို့ အကြောင်းဖန်လာပါတယ်။
သူကတော့ Visual Basic ပါ။ သူရဲ့ nick name ကတော့ VB ပါ။ ကျွန်တော့်ရဲ့ ငယ်ချစ်ဦး BASICA နဲ့ ရုပ်ချင်းတော်တော်လေးဆင်ပါတယ်။
ဒါပေမယ့် ၀တ်စားဆင်ယင်ပုံကတော့ တစ်ခြားစီပါ။ သူနဲ့ ချစ်သူဖြစ်ရတာ နောက်ကျတယ်လို့တောင် ထင်မိပါတယ်။ သူနဲ့ချစ်ရတာ ကျွန်တော်အတွက် အရမ်းပျော်ရပါတယ်။
တစ်ခါတစ်လေ ဘယ်သူကို အချစ်ဆုံးလဲလို့ အဖြေထုတ်ကြည့်တဲ့အခါ သူဟာကျွန်တော့် အချစ်ဆုံးပါ။
ကျွန်တော့်ဘဝကို ပုံပေးရပါစေ ချစ်မယ်ဆိုတဲ့ အချစ်မျိုးနဲ့ချစ်ခဲ့သူပါ။ ပေးလဲပေးခဲ့ပါတယ်။ :D

ဒီလိုနဲ့ Java ဆိုတဲ့ တစ်ယောက်က popular ဖြစ်လာတယ်ဗျ။ ကျွန်တော်လည်း အချစ်ဂုရု တစ်ယောက်ဖြစ်ခဲ့ပြီဆိုတော့ ... ။
Java ကို "ချစ်တမ်းကစားပါရစေ" ဆိုပြီး ချစ်ရေးဆိုခဲ့ပါတယ်။ သူကလည်းပြန်ပြောပါတယ် "ပျင်းနေတာနဲ့အတော်ပဲ" တဲ့။ :D
သူလည်းချစ်စရာကောင်းပါတယ် သူ့မာယာနဲ့သူပါပဲ C++ လောက်တော့ မာယာမများဘူး

နောက်တစ်ယောက်အကြောင်း ကျွန်တော်ထပ်ပြောရင် ကျွန်တော်ကို့ ၀ိုင်းရိုက်ကြမလားမသိဘူး။ မရိုက်တော့မရိုက်လောက်ဖူးထင်ပါတယ်။ :D
ဘာလို့လဲဆိုတော့ နောက်ထပ် ကျွန်တော်ချစ်မိတဲ့ တစ်ယောက်က VB ရဲ့ညီမအရင်း VB .NET ဖြစ်နေလို့ပါ။
အဲဒါထက်ပိုဆိုးတာက သူတို့ရဲ့ ညီမ တစ်ဝမ်းကွဲ C# ကိုပါ ... တစ်ပြိုင်နက်ထဲ ချစ်မိသွားတာပါပဲ။
ကျွန်တော့်မှာလဲ အချစ်တွေက ကုန်နိုင်တယ်လို့ မရှိလေတော့ ... ချစ်ပြီးရင်းချစ်ပါပဲ

ဒါတောင် online မှာ အီစီကလီလုပ်ခဲ့တဲ့ JavaScript တို့ PHP တို့ကို စာရင်းဖျောက်ထားသေးတာ။ :P
နောက်အချစ်သစ်တွေ တွေ့တဲ့အခါ MITP member များကို အသိပေးပါဦးမယ်။

PS: MITP member များကိုနှုတ်ပိတ်ချင်ပါတယ်။
ကျေးဇူးပြုရွေ့ ကျွန်တော် ထွန်းဇာနည်ကျော်သည် VB အား အချစ်ဆုံးဖြစ်ကြောင်းနှင့် ဘဝကိုပုံပေးထားကြောင်းကို အခြားချစ်သူများမသိအောင်း လျှို့ဝှက်ပေးထားကြပါ။
;)