Wednesday, September 14, 2011

ရန်ကုန် တက္ကဆီ ဒရိုင်ဘာ

ရန်ကုန် တက္ကဆီ ဒရိုင်ဘာ

၁။ ။မီတာ
ကျွန်တော် ... ရန်ကုန်သားပါ။ ရန်ကုန်မှာ တက္ကဆီမောင်းစားလို့ရလောက်တဲ့အထိ
ရန်ကုန်မြို့မှာ မသိတဲ့နေရာဆိုတာ မရှိသလောက်၊ ဘယ်ကသွားရင်
ဘယ်ကိုရောက်မယ်ဆိုတာ မသိသလောက်ပါပဲ။ သိကြတဲ့အတိုင်းပါပဲ။ ရန်ကုန်က
တက္ကဆီတွေက မီတာနဲ့ မောင်းကြတာမဟုတ်လေတော့ ... ဘယ်ကိုသွားချင်ပါတယ်လို့
ခရီးသည်ကပြောလိုက်ရင်၊ တက္ကဆီ ဒရိုင်ဘာက ဦးနှောက်ထဲမှာ
လမ်းကြောင်းတွေဖော်၊ အကွာအဝေးတွေတိုင်း၊ ဈေးတွေတွက်ပြီး
ဘယ်လောက်ကျမယ်ဆိုတာ ချက်ချင်းပြန်ပြောရမယ်။ ပြီးတော့မှ ခရီးသည်နဲ့ညှိပြီး
သဘောတူရင်သွားမယ်ပေါ့။ အာဏာရှင်တွေက တပ်ဆိုလို့ တပ်ထားကြတဲ့
မီတာအစုတ်လေးတွေတော့ရှိကြပါတယ်။ ဒရိုင်ဘာတွေကတော့ မသုံးကြပါဘူး။
ဘာလို့လဲဆိုတော့ တွက်ချေမကိုက်လို့တဲ့။ (အမှန်က လခစား
တက္ကဆီဒရိုင်ဘာစနစ်ဖြစ်အောင် အရင်ပြောင်းသင့်တာလို့ထင်တာပဲ)
ခရီးသည်တွေကလည်း မီတာတပ်ထားတဲ့ကားကို မီတာနဲ့ မစီးချင်ကြပြန်ဘူး။
မီတာနဲ့ပဲစီးမယ် ဆိုပြီးမလုပ်ကြဘူး။ ဘယ်သူမှ မီတာနဲ့စီးမယ်လို့ မပြောတဲ့
တက္ကဆီတွေကို ... ခပ်တည်တည်နဲ့တက်ပြီး "မီတာဖွင့်... မောင်းဗျာ...
သိမ်ကြီးဈေးကို" လို့ပြောမိလို့ကတော့ ... ဒရိုင်ဘာက ရိုက်ချရင်ချမယ်၊
ဒါမှမဟုတ်လည်း တံတားလေး မောင်းပို့ရင်ပို့လိမ့်မယ်။ ဟင်းဟင်းဟင်း။ ပါရမီ
မီတာ တက္ကဆီ ဆိုပြီးတော့ရှိတော့ရှိလေရဲ့။ ဒါပေမယ့် တစ်ခါစီးဖူးတာတော့
ညှိဈေးနဲ့ပဲစီးဖြစ်သွားတာပါပဲ။

၂။ ။ဘွဲ့ရ
တက္ကဆီ ဒရိုင်ဘာတွေကို အထင်သေးလို့မရပါဘူး။ ဘွဲ့ရထားပြီးသား တက္ကဆီ
ဒရိုင်ဘာတွေ အများကြီးရှိတယ်လို့ ကြားဖူးတာပဲ။ ဟင်းဟင်းဟင်း။
စဉ်းစားမိတာတစ်ခုက ... တက္ကဆီငှားတဲ့အခါ ဒရိုင်ဘာကို ဘွဲ့ရမရ အရင်မေးပါ၊
ဘွဲ့ရတယ်ဆိုမှငှားပါ။ ပြီးရင် ဘွဲ့ရတစ်ယောက်မောင်းတဲ့
တက္ကဆီကိုစီးတာကွလို့ ဂုဏ်ယူပြီးတော့သာစီးပေတော့့။ ဟင်းဟင်းဟင်း။ ဒါလည်း
စိတ္တဇဆေးရုံကို မောင်းပို့ခံရကိန်းတော့ရှိတယ်။
ဘွဲ့ရတက္ကဆီသမားတွေကိုလည်း အကြံပေးချင်တာကတော့ တက္ကဆီပေါ်မှာ
ကိုယ်ရတဲ့ဘွဲပေါ့ ... ဘာဘွဲ့ရ ကိုယ်တိုင်မောင်းသည်၊ ညာဘွဲ့ရ
ကိုယ်တိုင်မောင်းသည် ... ဆိုပြီးတော့ ကြော်ငြာထားရမှာ။ ဒါမှ ခရီးသည်က ...
မိုက်လှချေလား ... ဆိုပြီးတော့ ပိုငှားချင်မှာ။ စိတ္တဇဆေးရုံ ...
စိတ္တဇဆေးရုံ ... ။ ဟင်းဟင်းဟင်း။

၃။ ။မျဉ်းကြား
ကျွန်တော်လည်း တက္ကဆီ ခဏခဏစီးဖြစ်နေတော့
ဒါရိုင်ဘာအမျိုးမျိုးနဲ့ကြုံဖူးပါတယ်။ လူအမျိုးမျိုးရှိသလို
ဒရိုင်ဘာလည်းအမျိုးမျိုးပေါ့။ စကားသိပ်မပြောတဲ့ ခပ်အေးအေး
ဒရိုင်ဘာတွေရှိသလို စကားများပြီး အာချောင်တတ်တဲ့ ဒရိုင်ဘာတွေလည်း
ရှိတတ်ပါတယ်။ အာချောင်တတ်တဲ့ ဒါရိုင်ဘာနဲ့ ဆိုရင်တော့ ... ဘယ်ရမလဲ ...
ကျွန်တော်လည်း ပြန်ပြီးအာချောင်ပါတယ်။ ဟင်းဟင်းဟင်း။
အဲသလိုအာချောင်တတ်တဲ့ ဒရိုင်ဘာတစ်ယောက်နဲ့ကြံုတဲ့ တစ်ခေါက်မှာပေါ့။
ဟိုအကြောင်းဒီအကြောင်း အာချောင်ရင်း မောင်းရင်း၊ မောင်းရင်း
အာချောင်ရင်းနဲ့ပဲ လူကူးမျဉ်းကြားတစ်ခု ရောက်လာတော့ စကားမစပ်မိဘဲ
လူကူးမျဉ်းကြားအကြောင်း သူကထပြောတယ်။ (ထိုင်ပြောတာပေါ့လေ
ကားမောင်းရင်းနဲ့ဆိုတော့။ ဟင်းဟင်းဟင်း။)

ဒရိုင်ဘာ။ ။ လူတွေကလည်းဗျာ မျဉ်းကြားကကူးတယ်ဆိုပြီး
လုပ်ချင်သလိုလုပ်တော့တာပဲ။ ကားကို မနည်းမောင်းယူရတယ်။
ဟိုက်! လုပ်ပြီ ဒီလူတော့။
ကျွန်တော်။ ။ အဲအဲ မဟုတ်သေးဘူးလေဗျာ၊ လူကူးမျဉ်းကြားဆိုတာ
လူတွေလမ်းကူးဖို့လုပ်ပေးထားတာလေ။ လူတွေလမ်းကူးပြီဆိုရင် ကားတွေက

ရပ်ကိုရပ်ပေးထားရမှာ။
ဒရိုင်ဘာ။ ။ ဟာ ... လူတွေလမ်းကူးနေလို့သာ ရပ်ပေးရမယ်ဆိုရင်
ကျုပ်တို့ကားတွေ သွားလို့ရမှာကိုမဟုတ်တော့ဘူး။
မြို့ထဲလိုလူများတဲ့နေရာဆို ကားတွေပိတ်ကုန်မှာပေါ့ဗျ။
တက္ကဆီဒရိုင်ဘာတစ်ယောက်က မျဉ်းကြားမှာကားရပ်ပေးထားရမယ့် ကိစ္စကို မသိတာ
တော်တော်အံ့သြစရာပဲ။ လူကူးမျဉ်းကြားမှာ အရှိန်လျှော့မောင်းရမယ်လို့ပဲ
ထင်နေသလားမသိဘူး။ ခက်ပြီ။ အံမယ် ကားတွေအကြာကြီးရပ်ထားရမယ့်
ကိစ္စတော့စဉ်းစားတတ်သား။

ကျွန်တော်။ ။ ဟုတ်တာပေါ့၊ လူအရမ်းများတဲ့နေရာက မျဉ်းကြားဆိုရင် အဲဒီမှာ
မီးပွိုင့်ထားပေးရမယ်။ လမ်းကူးတော့မယ်ဆို လမ်းကူးမယ့်သူ

ကိုယ်တိုင်ခလုပ်နှိပ်ပြီး ကားတွေအတွက်မီးနီအောင်လုပ်ရမယ်။
ပြီးတော့မှလမ်းကူးမယ်။ လမ်းကူးပြီးသွားရင်တော့

သူ့အလိုလိုမီးပြန်စိမ်းသွားမယ်ပေါ့ဗျာ။ အဲလိုလုပ်ရမှာပေါ့။
ဒရိုင်ဘာ။ ။ အဲလိုလား?။
ကျွန်တော်။ ။ ဟုတ်တာပေါ့။ ရန်ကုန်မှာလည်း တပ်ထားတာတွေရှိတယ်လေ။
မြေနီကုန်းလူကူးမျဉ်းကြားမှာ တစ်ခု။ မြို့ထဲက ဧမာနွေလ
ဘုရားကျောင်းနားမှာတစ်ခု၊ အနော်ရထာလမ်းပေါ်မှာတစ်ခု။ ဒါပေမယ့်
သုံးလို့တော့မရဘူး။ ဟားဟား။
ဒရိုင်ဘာ။ ။ သြော် ဟုတ်တယ်ဗျ။ ဒါပေမယ့်ဗျာ လူတွေကိုယ်တိုင်က
သုံးရကောင်းမှန်းလည်းမသိကြဘူးဗျ။ လူကူးမျဉ်းကြားက
မကူးတဲ့လူကပဲများနေတာဗျ။ ... အချိန်သိပ်မရတာနဲ့ ကျွန်တော်လည်း
လူကူးမျဉ်းကြားကပဲလမ်းကူးအောင် လူတွေကို ဘယ်လိုပညာပေးရမယ်၊
ဘယ်လိုစည်းရုံးရမယ်၊ ဘယ်သူ့မှာတာဝန်ရှိတယ် ဆိုတာတွေ မပြောဖြစ်တော့ပါဘူး။
တက္ကဆီခရီးစဉ်ဆုံးတော့ ... ဘိလပ်မြေတစ်ဆုပ်၊ သံတစ်ချောင်း
ကိုယ်တတ်နိုင်သလောက်ကလေး ... လူကူးမျဉ်းကြားမှာ ယဉ်ရပ်ရမယ်ဆိုတာကို
ပညာပေးနိုင်ခဲ့တဲ့လို့ ငါကွဆိုပြီး မြေကြီးနဲ့ ခြေထောက်နဲ့တောင်
လွတ်သလိုလိုလေး ဖြစ်သွားပါသေးတယ်။ တက္ကဆီခ ပေးတော့ ဒရိုင်ဘာက
ကျေးဇူးတင်ပါတယ်တွေ ဘာတွေပြောလို့။ ဟင်းဟင်းဟင်း။



၄။ ။ထပ်ငှား
အခုတလောကြံုရတာက ခရီးသည်တစ်ဦးမက တင်တာပါပဲ။ ပြောချင်တာက ဒီလိုဗျာ။
ကျွန်တော်က ကားငှားထားပြီးပြီ ကားပေါ်လည်းရောက်ပြီးပြီ။
သွားလည်းသွားနေပြီ။ လမ်းမှာ တက္ကဆီတားနေတဲ့ခရီးသည် တစ်ယောက်ထပ်တွေ့တော့
ဒရိုင်ဘာက ကားကိုရပ်တယ်။ ဘာလုပ်မလို့လဲမေးတော့။ တင်မလို့တဲ့။
ကျွန်တော်ငှားထားပြီးပြီလေ ဆိုတော့။ လမ်းကြံုမှပါတဲ့။ တော်သေးတာပေါ့။
လမ်းမကြံုလို့။ ဒါလည်း ခရီးသည်တစ်ယောက်ပါနေတဲ့တက္ကစီကို နောက်တစ်ယောက်က
ထပ်မငှားသင့်တော့ဘူး။ နောက်ထပ်ငှားဖို့ကြိုးစားတဲ့သူမှာလည်း အပြစ်ရှိတယ်။
ဒါပေမယ့် သူကလည်း ခရီးသည်တစ်ယောက်ပါနေပြီးသားတက္ကစီကိုငှားရင်
ဈေးသက်သာမှာကိုး။ အဲဒီတော့ငှားရောပေါ့။ စိတ်လေတယ်။ ပညာပေးဖို့
စိတ်ကလည်းမပါတော့ ဘာမှပြောမနေတော့ဘူး။

၅။ ။လူပါး
တက္ကဆီသမားတော်တော်များများက ယဉ်းကျေးကြပါတယ်။ စောစောကပြောခဲ့တဲ့အတိုင်း
ဘွဲ့ရတွေလည်း ဖြစ်ချင်ဖြစ်နေမှာကိုး။ အခုကြံုရတဲ့တစ်ယောက်ကတော့
နည်းနည်းဝတယ်။
ဘယ်ကစပြောရမလဲဆိုတော့ ... ကျွန်တော်နဲ့ ကျွန်တော့်ညီနဲ့ (၈)မိုင်
ကနေပြီးတော့ တက္ကဆီငှားတယ်။ ကျွန်တော်ကတော့ သိမ်ကြီးဈေးသွားမှာပေါ့။
ကျွန်တော့်ညီကတော့ ဘယ်သွားမလဲ ကျွန်တော်အတိအကျမသိဘူး။ (ညီအစ်ကို
အချင်းချင်းအဲလောက်သိကြတာ)။ တက္ကဆီသမားနဲ့ သူစကားပြောတော့
ကျွန်တော်ကလုံးဝဝင်မပါဘူးပေါ့နော်။ ခပ်လှမ်းလှမ်းမှာတော့ရှိနေလို့
သူတို့ပြောတဲ့စကားတွေတော့ တစ်ချက်တစ်ချက်ကြားရတယ်။
တရိစ္ဆာန်ရုံရှေ့ဆင်းမယ် ပြောတာကြားတယ်။ ၄၀၀၀ ကျမယ်ဆိုတာကြားတယ်။ [[၈
မိုင် ကနေ သိမ်ကြီးဈေးကို ကျွန်တော်သွားနေကျက ၃၀၀၀ ပဲရှိတယ်။ ဒါပေမယ့်
တရိစ္ဆာန်ရုံမှာဆင်းမယ့်တစ်ယောက်ပါတယ်လေ ဆိုပြီး ၄၀၀၀ နဲ့သွားလိုက်ကြတယ်။
]] ကားပေါ်ရောက်ပြီးတာနဲ့ ကျွန်တော်ညီက ဖုန်းပြောနေတာနဲ့ပဲ
အချင်းချင်းဘာမှမပြောဖြစ်တော့ဘူး။ ပြည်လမ်းအတိုင်းမောင်းတယ်။
အင်းယားလမ်းထဲဝင်တယ်။ ရွှေဂုံတိုင်မီးပွိုင့်ဖြတ်တယ်။ ဗဟန်း ၃လမ်း
လောက်ရောက်မှ ကျွန်တော့်ညီကဖုန်းပြောလို့ပြီးသွားတယ်။ တရိစ္ဆာန်ရုံ
ရှေ့ရောက်တော့ ရပ်ပါလို့ပြောတဲ့နေရာမှာ ရပ်လို့ရနေတာကို
ချက်ချင်းမရပ်ပါဘူး။ နည်းနည်းကျော်ပြီးတော့ရပ်တယ်။ အဲဒီမှာတင်ပဲ
ဒီကားသမား သိပ်အချိုးမပြေဘူးလို့သိလိုက်ပါတယ်။
ကျွန်တော့်ညီဆင်းသွားပြီးတော့ ဆက်မောင်းတာပေါ့လေ။ ဆူးလေဘုရားလမ်းနဲ့
ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ မီးပွိုင့်ရောက်တော့ ကျွန်တော်က "သိမ်ကြီးဈေး
မင်္ဂလာရုပ်ရှင်ရုံရှေ့ကို သွားချင်တာ အကို" လို့ပြောလိုက်တယ်။
မီးပွိုင့်ကလည်း စိမ်းနေတာဆိုတော့ ခပ်မြန်မြန်ပဲသူမောင်းဖြတ်လိုက်တယ်။
ရှေ့ဆောင်ရုပ်ရှင်ရုံရှေ့ ကားမှတ်တိုင်လောက်ရောက်တော့ တက္ကဆီသမားက ...
"ဟိုတစ်ယောက်က အဲဒီနေရာလို့မပြောဘူး" ... တဲ့ ... "အဲဒီနေရာလောက်ဆိုရင်
၄၅၀၀ လောက်ကျမှာဗျ" လို့ပြောတယ်။ "အခု ဟိုးအောက်ဖက်ကိုရောက်သွားပြီ"
တဲ့။ "ဘယ်အောက်ဖက်ကိုရောက်တာလဲ။ ကျွန်တော်သွားချင်တာက မင်္ဂလာရုံလေ။ ဒီ
အနော်ရထာလမ်းပေါ်ကသွားရင်တောင်ရတယ်" လို့ပြောတော့။ သူက ... "ဟား ခင်ဗျားက
ကားမောင်းတဲ့လူလည်းမဟုတ်ပဲနဲ့" တဲ့ ... "အခု အနော်ရထာလမ်းပေါ်ကိုကွေ့လို့
မရတော့ဘူးဗျ" တဲ့ ...
"ဟိုးအောက်လမ်းကနေသွားရတော့မယ်" တဲ့။ ကျွန်တော်လည်း
တော်တော်ဒေါသထွက်သွားပါတယ်။ "ပြီးရောဗျာ ခင်ဗျား
ပြောတဲ့သိမ်ကြီးဈေးဆိုတဲ့နေရာကိုသာမောင်း။" လို့ပဲပြောလိုက်တော့တယ်။
ကုန်သည်လမ်းကနေ ရွှေတိဂုံဘုရားလမ်းထဲကိုချိုးတယ်။
လူကူးခုံးကျော်တံတားမရောက်ခင် အောက်ဘလောက် သိမ်ကြီးဈေး(အီး)ရုံဘက်မှာ
ရပ်တယ်။ ပြီးတော့ ကားသမားကပြောတယ်။ မင်္ဂလာရုံဘက်ကို
လက်ညှိုးထိုးပြီးတော့ "မင်္ဂလာရုံက ဟိုရှေ့မှာ
နည်းနည်းလျှောက်သွားလိုက်ရင် ရပြီ" တဲ့။ ကဲကြည့် ... ဘယ်လောက် လူပါးဝတဲ့
ကားသမားလဲလို့။ ကျွန်တော်လည်း ဒေါသထွက်နေတာဆိုတော့
ချက်ချင်းဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ "ကျုပ် သိမ်ကြီးဈေးမှာ
အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်နေပြီ မျက်စိမှိတ်သွားလို့ရတယ်" လို့ပြောပြီး
ပိုက်ဆံပေး၊ ကားတံခါးဆောင့်ပိတ်ပြီး ဆင်းလာလိုက်တော့တယ်။

၆။ ။မျက်ဖြေ
ဒေါသဆိုတာဘာမှ လုပ်လို့မရဘူး ဒီကိစ္စစိတ်ထဲထားနေရင် ကိုယ်ပဲအလားကားနေရင်း
ပူလောင်နေမှာဆိုပြီး ကိုယ့်စိတ်ကိုဖြေရတာပေါ့လေ။ ဟူး ...
ဒါလည်းပညာပေးသင့်တာ။ တက္ကဆီ ဒရိုင်ဘာဆိုတာလည်း ဝန်ဆောင်မှုပေးတဲ့သူပဲ။
ခရီးသည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမှာ။ တက္ကဆီ စီးတဲ့ ခရီးသည်က
စားသုံးသူပဲလေ။ ဒီလိုမကျေနပ်မှုမျိုးကျတော့
ဘယ်ကိုတိုင်ရမယ်မှန်းမသိတော့ဘူး။ ပါရမီ တက္ကဆီဆိုရင်တော့ တိုင်လို့ရရင်
ရဦးမယ်။ တိုင်လည်းဘာမှ သိပ်ထိရောက်မယ်မထင်ဘူး။ မြန်မာပြည်ရဲ့
တက္ကဆီစနစ်ကိုက မပြီပြင်သေးတာ။ မကောင်းသေးတာ။ ဘာလို့များ မြန်မာပြည်ရဲ့
ကုဋေကြွယ်သဌေးကြီးတွေက တက္ကဆီစနစ်ကောင်းကောင်းတစ်ခု
ဘာလို့မလုပ်ကြလဲမသိဘူးလို့လဲတွေးမိသေးတယ်။ အမြတ်နည်းလို့ဖြစ်မလားပဲ ... ။

ထွန်းဇာနည်ကျော်
ဩဂုတ် ၂၇ ရက် ၂၀၁၁

Wednesday, June 22, 2011

သိပ်ချစ်ရသော သူ့အကြောင်း

သိပ်ချစ်ရသော သူ့အကြောင်း

ဒီမနက်အိပ်ရာနိုးတော့ နေမကောင်းဖြစ်တယ်။ ဆရာဝန်ဆီတော့ သွားမပြတော့ပါဘူး။
မနက်၊ နေ့လည်၊ ညနေ ပါရာစီတမော့ သုံးလုံးသောက်လိုက်တယ်။
နေမကောင်းဖြစ်နေတဲ့အချိန်တွင်းမှာပဲ ဘယ်လိုဖြစ်တယ်တော့မသိပါဘူး
သူ့ကိုသတိရမိတယ်။ အဲဒါနဲ့ သူ့အကြောင်း ဘလော့ ရေးချင်လာတယ်။ ပြောရရင်
သူ့ကိုချစ်တဲ့အကြောင်းတွေကိုပဲ ရေးချင်မိတယ်။ ချက်ခြင်းဆိုသလိုပဲ
ရေးဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ပို့စ-မော်ဒန် စတိုင်နဲ့ရေးလိုက်ပါတယ်။
ဟဲဟဲ။

*****

သူအကြောင်းကို စပြောရလျှင် သူ့ကိုကျွန်တော် အရမ်းချစ်ပါသည်ဟု
စပြောရပါမည်။ သိုသော် သူနှင့် ကျွန်တော်သည် ချစ်သူများ မဟုတ်ကြပါ၊
မဖြစ်ကြပါ။ သူ၏ သူငယ်ချင်းဖြစ်သော ကျွန်တော့်၏ တပည့်တစ်ယောက်က
မိတ်ဆက်ပေးသဖြင့် သူနှင့်စသိရပါသည်။ ထိုစဉ်က ကျွန်တော့်အသက် ၂၆
နှစ်ခန့်ဖြစ်ပါသည်။ သူသည် အသားညိုညို မျက်နှာသွယ်သွယ်နှင့် ဖြစ်ပါသည်။
အရမ်းချော အရမ်းလှ သည်ဟုမပြောနိုင်သော်လည်း အလွန်ပြေပြစ်ပြီး
ကြည့်ကောင်းသည်ဟုဆိုရပါမည်။ သူ့အကြောင်းပြောလျှင် ထည့်ပြောသင့်သည့်
အချက်တစ်မှာ နှစ်လိုဖွယ်အပြုံးကို ပိုင်ဆိုင်သောမိန်းကလေးတစ်ယောက်
ဖြစ်သည်ဟု ပြောရမည်ဖြစ်ပါသည်။ သူနှင့် ပထမဆုံးအကြိမ်
စကားစပြောပြောခြင်းတွင်ပင် သူ၏ ချစ်စရာကောင်းလှသောအပြုံးကို
ကျွန်တော်မြင်ခွင့်ရပါသည်။ ထိုအပြုံးတစ်ခုတည်းကြောင့်
သူ့ကိုချစ်မိသည်မဟုတ်ပါ။ သူနှင့်ပတ်သက်လျှင် အရာရာသည်
ကဗျာဆန်၍လှနေတတ်ပါသည်။

သူ၏ မျက်နှာသွင်ပြင်မှာ အေးဆေးတည်ငြိမ်သည်ဟု ဆိုရပါမည်။
သူ့ကိုယ်သူယုံကြည်မှု အပြည့်ရှိနေပုံလည်းရပါသည်။ ကျွန်တော်စကားပြောသည့်
အလှည့်များတွင် သူက အပြံုးတဝက်ဖြင့် စိတ်ပါဝင်စားစွာ
နားထောင်ပေးတတ်ပါသည်။ ဟန်ဆောင်ပြုံးများစွာကို
ကျွန်တော်တွေ့ဖူးခဲ့ပါသည်။ သို့သော် သူ၏အပြုံးများသည် အမှန်တကယ်
လှိုက်လှဲဖော်ရွေသော အပြံုးများဖြစ်ကြပါသည်။ သူ၏အပြုံးများအတွက်
"လှိုက်လှဲဖော်ရွေ" ဆိုသော ဝေါဟာရအပြင် မည်သည့်ဝေါဟာရအား သုံးနှုံးရမည်ကို
မသိတော့ပါ။ သူ၏ စိတ်သဘောမှာလည်း ရိုးသားဖြူစင်ရမည်ဟု
ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်မယုံကြည်လျှင်လည်း သူ၏ စိတ်သဘောထားမှာ
ရိုးသားဖြူစင်သည်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သူ့ကို
ချစ််သည်ဟုဆိုခြင်းထက်ပို၍ လေးစားတန်ဖိုးထားမိပါသည်။

မြန်မာမိန်းကလေးများထဲမှ တစ်ယောက်ဖြစ်သောသူ့ကို မြန်မာတစ်ယောက်အမြင်၌ ပု၊
ရှည်၊ ပိန်၊ ဝ စသော နာမဝိသေသနများတပ်၍ ရနိုင်မည်မဟုတ်ပါ။ ပုသည်လည်း
မဟုတ်၊ ရှည်သည်လည်း မဟုတ်၊ ဝသည်ဟုလည်း မဆိုနိုင်၊ ပိန်သည်ဟုလည်း
မပြောနိုင်ပေ။ မိန်းကလေးများ အဝတ်အစားဝတ်သည်နှင့် ပတ်သက်၍
မည်သို့ဝတ်ဆင်ထားသည်ဖြစ်စေ ကျွန်တော်သည် မည်သို့မျှမှတ်ချက်ပေးမည်
မဟုတ်ပါ။ သို့သော် သူသည် ခောတ်လည်းမဆန်လွန်း ရိုးလည်းမရိုးလွန်း သော
အဝတ်အစားများကို ဝတ်ဆင်ထားသည်ဟုပြောချင်ပါသည်။ စတိုင်ကျသည်ဟု ဆိုလိုပါက
ဆိုနိုင်မည်လည်းဖြစ်ပါသည်။

ကြည်လင်တောက်ပသော မျက်လုံးများကိုလည်း သူသည် ပိုင်ဆိုင်၏။
စုစည်းထားခြင်းမရှိသည့် သူ၏ဆံပင်များမှာ ပုခုံးအောက် ကျရောက်သည်အထိ ရှိ၏။
ဆံပင်ကောက် ဆံပင်နွယ်များမှာ မိန်းမပိုဆန်စေသည်။ ထို့ထက်ပို၍
ဆိုနိုင်သည်မှာ ဂန္ထဝင်ဆန်သည်။ သူ၏နဂိုဆံပင်သည်လည်း ကောက်ပုံရသည်။
ဆံပင်အရောင်မှာ နက်မှောင်၍မနေ၊ နီညိုရောင်မဆိုစလောက်လေး သမ်းသည်။
ထိုသည်ကိုပင် ကျွန်တော် သဘောကျသည်။



စကားပြောရာတွင်တော့ သူသည် သွက်သွက်လက်လက်ရှိပါသည်။ သူ၏
စကားလုံးအသုံးအနှုံး နှင့် လေယူလေသိမ်းတို့မှာ ရန်ကုန်သူ/သားတို့၏
အသုံးအနှုံးမျိုး လေယူလေသိမ်းမျိုးဖြစ်၏။ ပညာတတ်အသိုင်းအဝိုင်းမှလည်း
ဖြစ်ပုံရပါသည်။ ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်သော မိန်းကလေးတစ်ဦးဟုလည်း
သတ်မှတ်၍ ရပါသည်။ ထိုသို့ ပထမဦးဆုံးအကြိမ် သူနှင့်တွေ့ရသည်တွင်ပင်
သူ့ကို မြတ်နိုးမိပါသည်။

*****

သူနှင့်တွေ့ပြီး နှစ်ရက်သုံးရက်လောက်အကြာမှာ သူ့ဆီကိုဖုန်းဆက်သည်။ သူက
သူ့အိမ်လိပ်စာပြောပြသည်။ သူ့အိမ်ကို လာဖို့ခေါ်သည်။ ကျွန်တော်သွားသည်။
သူ့အိမ်ကိုသွား၍ သူ့ကိုသွားတွေ့ရသည်မှာ အနည်းငယ်မက စိတ်လှုပ်ရှားရသည်ဟု
ကျွန်တော်ဝန်ခံရပါမည်။ ဆိတ်ငြိမ်ရပ်ကွက်တစ်ခု၌ဖြစ်၏။
လုံးချင်းအိမ်နှင့်ခြံဝန်းများဖြစ်၏။ ခြံစောင့် သို့မဟုတ် ဒရိုင်ဘာ
ဖြစ်ဟန်တူသောလူတစ်ယောက်က ခြံတံခါးလာဖွင့်ပေးသည်။
ဧည့်ခန်းထဲတွင်သူနှင့်တွေ၏။ ခဏအကြာတွင် အအေးနှင့် မုန့်အချို့
ကျွန်တော့်ရှေ့သို့ရောက်လာ၏။ သူ၏အမေနှင့်လည်း တွေ့ရပြီး
စကားအနည်းငယ်ပြောဖြစ်၏။ ကျွန်တော် စိတ်မကျဉ်းကျပ်ရအောင်
သက်သောင့်သက်သာဖြစ်အောင် စကားပြောပေးခြင်းဖြစ်ကြောင်း နားလည်လိုက်မိ၏။
ထို့သို့ဖြစ်အောင် ပြောတတ်သော သူ၏အမေကိုလည်း စိတ်ထဲမှချီးကျူးမိ၏။
သူ၏အမေမှာ ရိုးရိုးအဆင့်ထက်ပိုသော ဆရာဝန်တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိသည်။

ထို့နောက် သူ၏ စားပွဲတင်ကွန်ပျူတာအား ကျွန်တော့်ကိုပြသည်။ ကွန်ပျူတာ၏
ဒက်စတော့ ဘက်ဂရောင်း မှ ပုံကိုမြင်ရသောအခါ၊ သူသည် အင်္ဂလိပ် ပရီးမီးယားလိဂ်
ပရိတ်သတ်တစ်ဦးဖြစ်မှန်း သိရတော့၏။ သူအားပေးသော အသင်းမှာ တစ်သင်း၊
ကျွန်တော်အားပေးသောအသင်းမှာ အခြားတစ်သင်း ဖြစ်၏ ။ မတူကြပါ။ သို့သော်
ကိစ္စမရှိ၊ ကျွန်တော်တို့နှစ်ဦးအကြားတွင် ပြောစရာအကြောင်းအရာတစ်ခု
ရသွားခြင်းဖြစ်ပါသည်။ ကျွန်တော် ပြန်သောအခါ သူက ခြံဝအထိလိုက်ပို့၍
နှုတ်ဆက်သည်။ သူ့အပြံုးကို မှတ်မိသထက်မှတ်မိအောင် သေချာကြည့်ခဲ့ပြီး
ကျွန်တော်လည်း ပြံုးပြနှုတ်ဆက်ခဲ့သည်။

*****

ထို့နောက်ပိုင်းတွင် သူနှင့်မတွေ့ဖြစ်၊
တွေ့အောင်းလည်းမကြိုးစားဖြစ်ခဲ့ပါ။ ဂျီတော့တွင်တော့ တစ်ခါတစ်ရံ သူနှင့်
စကားပြောဖြစ်သည်။ ဂျီးတော့ထဲတွင် သူသည် အင်္ဂလိပ်လိုသာပြောသည်။ သူ၏
အင်္ဂလိပ်စာမှာ အတော်ကောင်းသည်။ ထိုအချက်ကြောင့်လည်း
သူ့ကိုအထင်ကြီးမိပြန်သည်။ တစ်ခါတေလေကျတော့လည်း သူ့ကို
အွန်လိုင်းဖြစ်နေတာတွေ့သည်။ ဘာကြောင့်မှန်းမသိ သူကို စပြီးစကားမပြောဖြစ်၊
သူကလည်းမပြော။ ထူးဆန်းသည်ဟုဆိုရမလား မထူးဆန်းဘူးလို့ဆိုရမလား မပြောတတ်
သူ့ကိုကျွန်တော် အရမ်းချစ်သည်။ သို့သော် သူ့ကိုချစ်သည့်အကြောင်း
ဖွင့်ပြောဖို့ မကြိုးစားဖြစ်၊ ရင်းနှီးမှုပိုရအောင်လည်း
မကြိုးစားဖြစ်ခဲ့ပါ။ ဘာကြောင့်မှန်းမသိဆိုသော အဖြေကိုထွက်အောင်လည်း
ကျွန်တော်ကိုယ်တိုင် အဆုံးအထိမစဉ်းစားဖြစ်ပါ။

သူနိုင်ငံခြားသို့ ပညာသင်သွားသည်ဟုသိရသည်။ နောက်ထပ်
နှစ်နှစ်လောက်ကြာသောအခါတွင်တော့ သူစေ့စပ်ကြောင်းလမ်းသော သတင်းကို
အွန်လိုင်းစတေးတပ် တစ်နေရာတွင်တွေ့ရသည်။ စိတ်ထဲတွင်တစ်မျိုးတော့ဖြစ်မိ၏။
သို့သော် သူနှင့်တော့ ဘာမှမပြောဖြစ်။

သူနှင့်တစ်ကြိမ် မမျှော်လင့်ပဲ ဆုံမိပါသည်။ လေဆိပ်တွင်ဖြစ်သည်၊
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို သွားကြိုတာဖြစ်ပါသည်။ သူကလည်း
သူ့သူငယ်ချင်းတွေနှင့်ပဲ ဖြစ်ပါသည်။ သူတို့လည်း သူတို့သူငယ်ချင်းကို
လာကြိုကြတာပဲဖြစ်ပါသည်။ သူ၏အပြုံးလှလှလေးများကို တွေ့သည်မှာ
အလွန်ပျော်ဖို့ကောင်းပါသည်။ စကား လေးငါးခြောက်ခွန်းသာ ပြောဖြစ်လိုက်၏။
သူငယ်ချင်းတွေလည်း ပါနေသဖြင့် နှုတ်ဆက်ပြီး ပြန်ခဲ့လိုက်သည်။ ထိုသည်မှာ
သူနှင့်နောက်ဆုံးတွေ့ဖြစ်ခဲ့သော အချိန်ဖြစ်ပါသည်။

တစ်ခါတစ်ရံ သူ့အကြောင်းစဉ်းစားမိသည်။ စဉ်းစားမိလိုက်တိုင်း သိမ်မွေ့သော၊
နူးညံ့သော ရင်ခုန်သံတို့ကို ကျွန်တော်ပြန်ကြားနေရတတ်သည်။
သူသည်ကျွန်တော့်အတွက်တော့ နတ်သမီးတစ်ပါးဖြစ်တော့၏။ ။

*****

စရေးတုန်းကတော့ ပို့စ-မော်ဒန် စတိုင်ဖြစ်အောင်ရေးတာပါပဲ။ ဒါပေမယ့်
ရေးရင်းရေးရင်းနဲ့ မု တစ်ခုဝင်လာသလိုလို ရှိတာနဲ့ အဲဒီ မု
အတိုင်းပဲဆက်ရေးလိုက်တယ်။ ပို့စ-မော်ဒန် ဖြစ်လားမဖြစ်လားလဲ မသိတော့ဘူး။
:P

*****

တမင်တကာ ချန်ထားခဲ့တဲ့ စာကြွင်း။ ။
နတ်သမီးနဲ့ လူနဲ့ ချစ်လို့မဖြစ်နိုင်ဘူးလေ ...


ခက်ဆစ်။ ။
ပါရာစီတမော့ (အင်္ဂလိပ်) = paracetamol
ပို့စ-မော်ဒန် (အင်္ဂလိပ်) = post modern
စတိုင် (အင်္ဂလိပ်) = style
ဒရိုင်ဘာ (အင်္ဂလိပ်) = driver
ဒက်စတော့ (အင်္ဂလိပ်) = desktop
ဘက်ဂရောင်း (အင်္ဂလိပ်) = background
ပရီးမီးယားလိဂ် (အင်္ဂလိပ်) = Premier League
ဂျီတော့ (အင်္ဂလိပ်) = Gtalk
အွန်လိုင်း (အင်္ဂလိပ်) = online
အွန်လိုင်း စတေးတပ် (အင်္ဂလိပ်) = online status
မု (အင်္ဂလိပ်) = mood

Friday, June 3, 2011

မြန်မာပြည်၏ အားလပ်ရက်များ

မြန်မာပြည်၏ အားလပ်ရက်များ

ဒီနှစ် မေလ ၁ ရက်နေ့က တနင်္ဂနွေနေ့ ဖြစ်နေတာက စပြီးတော့၊ ပိတ်ရက်တွေ အကြောင်းရေးဖို့ စဉ်းစားမိပါတယ်။ ခေါင်းစဉ်ကို ဘယ်လိုပေးမလဲပေါ့လေ ... စပြီး စဉ်းစားပါတယ်။ အဲဒီ့မှာ အခုတပ်ထားတဲ့ ခေါင်းစဉ်ကိုရွေးမိပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ စာစီစာကုံးခေါင်းစဉ်လိုလို ဘာလိုလိုနဲ့ပေါ့။

အဲဒီတော့ စာစီစာကုံးပုံစံ ရေးပစ်လိုက်တယ်။ ဘာရမလဲ ... ဟင်းဟင်း ... ၊ ဘာမှမရဘူး။ :P


ကျွန်ုပ်တို့ မြန်မာပြည်သည် အားလပ်ရက် အလွန်များသောနိုင်ငံဖြစ်ပါသည်။ အခြားသောနိုင်ငံများတွင် ကျွနု်ပ်တို့ကဲ့သို့ အားလပ်ရက် များများစားစား ရှိမည်မဟုတ်ဟု ကျွန်ုပ်အပြည့်အဝ ယုံကြည်ပါသည်။ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ပေါများကြွယ်ဝမှုမှာ ဂုဏ်ယူဝင့်ကြွားစရာ ကောင်းသကဲ့သို့ အားလပ်ရက် ကြွယ်ဝခြင်းကိုလည်း ဂုဏ်ယူဝင့်ကြွားနိုင်ပါသည်။

အားလက်ရက်များအား ပြက္ခဒိန်၏အစ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အစဉ်လိုက်ရေတွက်၍ ဖော်ပြသွားပါမည်။ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးနေ့ဖြစ်ပါသည်။ အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးဖူးသော (သို့) သူ့ကျွန်ဘဝသို့ ကျရောက်ဖူးသော နိုင်ငံတိုင်းလိုလိုတွင်
လွတ်လတ်ခြင်း၏ အနှစ်သာရကို သိရှိရန်၊ လွတ်လတ်ခြင်းကို တန်ဖိုးထားတတ်စေရန်၊ လွတ်လတ်ရေးနေ့ကို သတ်မှတ်ထားတတ်ကြပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုနေ့ဖြစ်ပါသည်။ တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးအတွက် ဆောက်ရွက်ခဲ့ကြသောနေ့ကို အမှတ်ရစေရန် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားခြင်းမှာ မှန်ကန်လှပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ အများစုမှာ တောင်သူလယ်သမားများ ဖြစ်ကြပါသည်။ ထို့ကြောင့် မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားပါသည်။ တောင်သူလယ်သမားနေ့အပြင် အားလပ်ရက် အဖြစ်သတ်မှတ်ထားသော ရက်တစ်ရက် မတ်လထဲတွင် ရှိပါသေးသည်။ ၄င်းမှာ တပ်မတော်နေ့ ဖြစ်ပါသည်။ တပ်မတော်နေ့၏ ငယ်နာမည်မှာ တော်လှန်ရေးနေ့ဖြစ်ပါသည်။

ဧပြီလ။ မြန်မာရိုးရာပြက္ခဒိန်အရ တန်ခူးလတွင် သင်္ကြန်ပွဲကို ဆင်နွဲကြပါသည်။ အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ ဟူ၍ လေးရက်တိုင်တိုင် နိုင်ငံတစ်ဝှမ်း ရေပက်ကစားကြခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ အကြတ်နေ့ နှစ်ရက်ဖြစ်သည့် နှစ်များလည်းရှိတတ်ပါသည်။ မြန်မာပြက္ခဒိန်နှင့် အပြည်ပြည်ဆိုင်ရာသုံး ပြက္ခဒိန်တို့မှာ စင်ခရိုနိုက် (syncronize) မဖြစ်ကြပါ။ ထို့ကြောင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာပြက္ခဒိန်ဖြင့် ရက်သတ်မှတ်၍ သင်္ကြန်ပွဲတော်ကို မကျင်းပပဲ အပြည်ပြည်ဆိုင်ရာသုံး ပြက္ခဒိန်ဖြင့် ရက်သတ်မှတ်၍ ကျင်းပပါသည်။ ယခင်က သင်္ကြန်ပွဲဆင်နွဲသော ၄ ရက် (သို့) ၅ ရက် ကို အားလပ်ရက် သတ်မှတ်သော်လည်း ယခုအခါ ဧပြီ ၁၂ ရက်မှ ၂၁ ရက်နေ့အထိ (၁၀)ရက်တိတိ ကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။

မေလ ၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင်လည်း အားလပ်ရက်ဖြစ်ပါသည်။ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့ အဖြစ်သတ်မှတ်ထားပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးခဲသောနေ့ကို သတ်မှတ်ပေးထားခြင်းဖြစ်ပါသည်။ ထိုနေ့တွင် ဝမ်းနည်းသောအထိမ်းအမှတ် အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံတော်အလံကို တိုင်ဝက်သာလွှင့်ထူကြပါသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဟု တရားဝင်မသတ်မှတ်ထားသော်လည်း ဗုဒ္ဓဘာသာအများစု နေထိုင်သည့်အတွက် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များကိုလည်း အားလပ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ ထိုနေ့ထူးနေ့မြတ်များမှာ တိုင်ဆိုင်လှစွာပင် လပြည့်နေ့များ၌ ကျရောက်လေ့ရှိပါသည်။ ထို့ကြောင့် မှတ်သားရလွယ်ကူပါသည်။ ထိုနေ့များမှာ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့၊ တပေါင်းလပြည့်နေတို့ ဖြစ်ကြပါသည်။ လပြည့်နေ့တိုင်း အားလပ်ရက်မဖြစ်သည်မှာ အားမလိုအားမရ ဖြစ်စရာကောင်းပါသည်။

ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် အားလပ်ရက် သက်မှတ်ချက်သိပ်မရှိလှပါ။ သို့သော် မြန်မာပြက္ခဒိန်အရ သတ်မှတ်လေ့ရှိသော အားလပ်ရက်များသည် ထိုလများတွင်ကျရောက်တတ်ပါသည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံး အားလပ်ရက်ဖြင့်လွတ်ကင်းသော လမှာ မရှိသလောက်ရှားပါးသည်။

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ဟုသတ်မှတ်ကာ အားလပ်ရက်သတ်မှတ်ထားပါသည်။ ကရင်နှစ်သစ်ကူးနေ့ကိုလည်း အားလပ်ရက်အဖြစ်သတ်မှတ်ထားပါသည်။ အခြားသော ကချင်၊ ကယား၊ ချင်း စသည့် တိုင်းရင်းသားများ၏ နှစ်သစ်ကူးနေ့များကို အားလပ်ရက်အဖြစ်သတ်မှတ်နိုင်လျှင် အလွန်ပင် ပျော်ရွှင်ဖွယ် ကောင်းမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ခရစ်စမတ်နေ့ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အများစုတွင် အားလပ်ရက်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလွတ်ပေး၍ မဖြစ်ပါ။ အားလပ်ရက်သတ်မှတ်ရပါမည်။ ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ်စမတ်နေ့ကို အားလပ်ရက်သတ်မှတ်သကဲ့သို့၊ အစ္စလာမ်ဘာသာဝင်တို့၏ အစ် (Eid) နေ့ကိုလည်း အားလပ်ရက်သတ်မှတ်ထားပါသည်။ ထိုမျှသာမက ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝါလီ (Depavali) နေ့ မှာလည်း မြန်မာနိုင်ငံ၌ အားလပ်ရက်ဖြစ်ပါသည်။

ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် ထပ်မံပြောကြားရပါလျှင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ အားလပ်ရက် အမြောက်အမြားရှိနေခြင်းကို အထူးပင် ဂုဏ်ယူမိပါသည်။ ။



အထက်ပါ စာစီစာကုံးတွင် ဖောချက်များ ပါဝင်ပါသည်။ အဲလေ ယောင်လို့။ အပေါ်ကရေးထားတဲ့ထဲမှာ နည်းနည်း ဖောထားမိပါတယ်။ အထောက်အထားတွေ အကိုးအကားတွေကလည်း ရှာရမှာပျင်းတာနဲ့ သိသလောက်မှတ်သလောက် ရေးလိုက်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့
ဖောချက်များကို သိရှိတဲ့သူများက ပြင်ပေးသွားကြပါလို့ ပြောချင်ပါတယ်။

ဖောချက်တွေကတော့
နံပါတ်တစ်၊ မြန်မာပြက္ခဒိန်မသုံးပဲ အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်သုံးပြီး သင်္ကြန်စကျသောနှစ်။
နံပါတ်နှစ် သင်္ကြန် ၁၀ ရက် စပိတ်သောနှစ်။
နံပါတ်သုံး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် တရားဝင်သတ်မှတ်ထားသလား မထားဘူးလားမသိပါ။
နံပါတ်လေး ကရင်နှစ်သစ်ကူးနေ့ကို ထူးထူးခြားခြား ပိတ်ရက်လုပ်ထားလေတော့ သူတို့က သီးသန့်ပြက္ခဒိန်ရှိတယ်ပေါ့ ??? ကျန်တဲ့တိုင်းရင်းသားတွေ

ပြက္ခဒိန်သီးသန့်မရှိကြလေရော့သလား ???။
နံပါတ်ငါး ဘာများကျန်ဦးမလဲမသိ။

နောက်တစ်ခုက၊ အရွဲ့တိုက်ချက်လို့ပြောရမလားပဲ၊ ပိတ်ရက် အားလုံးပေါင်း ၂၅ ရက်တောင်ပိတ်ရက် ရှိတယ်။ တစ်လ နီးပါးပါပဲ။
စာစီစာကုံးထဲမှာတော့ အားလပ်ရက်များတာကို အရမ်းဂုဏ်ယူပြထားတယ်။ ဟင်းဟင်း။
အဲဒီတော့ မြန်မာပြည်ကလူတွေ တစ်လလောက်အလုပ်မလုပ်ပဲ ထိုင်နေလို့ မတိုးတက်တာလို့ တစ်ခါတစ်လေ တွေးမိသေးတယ်။ ဆိုင်သလား မဆိုင်လား တော့မသိ ... ခွိခွိခွိ။

ကဲ ... နိချုံးဂုတ်ဖို့လည်းတန်ပြီမို့ ဒီစာရေးဖြစ်တဲ့ အကြောင်းကိုပဲ ပြန်ပြီးကောက်ရလျှင်ဖြင့်၊ သူများနိုင်ငံတွေဆို မေလ ၁ ရက်နေ့က တနင်္ဂနွေနေ့ကျနေရင် တနင်္လာနေ့ကို အစားပြန်ပိတ်ပေးတာမျိုးရှိရဲ့။ မြန်မာနိုင်ငံမှာတော့ ပိတ်ရက်များလွန်းနေလို့ပဲ မပိတ်တာလား၊ တနင်္လာနေ့မှာ အစားပြန်ပိတ်ပေးပါလို့ မတောင်းဆိုကြလို့ မပိတ်တာလား၊ မြန်မာပြည်က အလုပ်သမားတွေက အလုပ်အရမ်းကြိုးစားချင်ကြတာလား၊ လား၊ လား၊ လား။ အဖြေကို ပဠေဟိ လုပ်လိုက်မယ်။ ပြည်ကုံးဖားချ။ ဒိန်း။

ခက်ဆစ်။ ။
ဖော (ဗန်းစကား) = အဓိပ္ပါယ်သေချာမသိပဲ (သို့) အကြောင်းအရာတစ်ခုကို အတိအကျမသိပဲ ခပ်တည်တည်ဖြင့်ပြောဆိုခြင်း
နိချံုးဂုတ် (စကားလိမ်) = နိဂုံးချုပ်
ပဠေဟိ (စကားလိမ်) = ပဟေဠိ
ပြည်ကုံးဖား = ပြည်ဖုံးကား
ဒိန်း = ပြည်ဖုံးကားပြုတ်ကျ၍ မြည်သံ

Sunday, April 3, 2011

အသည်းကွဲဖြေဆေး

ကျွန်တော်က အချစ်ရေးနဲ့ ပတ်သက်ရင် ကံတော်တော်ဆိုးတယ်။
နှလုံးလမ်းကြောင်းမှာ ကျွန်းခံသလား ဘာလားတော့မသိပါဘူး။
ထားဖူးတဲ့ ရည်းစားအရေအတွက်ကို လက်ချိုးရေကြည့်ရင် လက်နှစ်ဖက်သုံးရမယ်။ လုံးဝမထင်ရဘူး။ (ရယ်ပါ)
ကျွန်တော့်ကို ထားသွားကြတာများပါတယ်။
ကျွန်တော့်မှာ ခဏခဏ အသည်းကွဲရတယ်။ (ပြုံးပါ)

အသည်းကွဲတဲ့ဒဏ်ရာကို ကုစားဖို့ နည်းလမ်းတွေ ရှာရ ကြံရဖူးတာပေါ့။
ခဏခဏအသည်းကွဲဖူးတော့လည်း ခံနိုင်ရည်ပိုရှိလာတာပေါ့။
ယောက်ျားလေး အတော်များများကတော့ အသည်းကွဲရင် အရက်သောက်ကြတယ်။
အသည်းကွဲဒဏ်ရာ သက်သာသလား မသက်သားဘူးလားေတော့မသိ၊
ကျွန်တော်ကတော့ အရက်ကြိုက်တဲ့သူလည်း မဟုတ်လေတော့ အရက်တော့မသောက်ချင်ဘူး။

ခဏခဏ ထားခဲ့တာခံရတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော်များ တစ်ခုခုမှားနေသလား။
ဘာများလိုနေသလဲ။ မိန်းကလေးတွေ မကြိုက်တဲ့အချက် ဘာတွေများ လုပ်မိနေသလဲ။ သလဲ သလဲ သလဲ နဲ့ပေါ့။
စဉ်းစားရင်း စဉ်းစားရင်း ... စဉ်းစားရင်း စဉ်းစားရင်း နဲ့ပဲ စိတ်အားတွေငယ်၊ စိတ်ဓာတ်တွေကျ နဲ့တောင် ဖြစ်မိတယ်။ (ရယ်ပါ)

သူငယ်ချင်းတွေကတော့ အားပေးပါတယ်။ အားပေးစကားတွေ ကြားလိုက်ရပြန်တော့လည်း ကျွန်တော့်မှာ ချို့ယွင်းချက်မရှိသလိုမျိုးပဲ။
အားပေးကြတယ်ဆိုတော့လည်း ဒီလိုမျိုးပဲပြောမှာပေါ့လေ။ အင်း ... ကျွန်တော်ဟာ ကျိန်စာသင့်နေသူတစ်ယောက်ပဲဖြစ်ရမယ်။
ဘဝဆက်တိုင်း ဆက်တိုင်း အကြိမ်တစ်ရာ အသည်းကွဲစေ ဆိုတဲ့ ကျိန်စာမျိုးများဖြစ်နေလေမလား။
ဟီးဟီး။ စိတ်ကူးယဉ်ကြည့်တာ။ (ခစ်ခစ် ခစ်ခစ် မြည်အောင် ရယ်ပါ)

တစ်ခါတစ်လေကျတော့ အသည်းအခွဲခံရတဲ့ အရသာကိုကြိုက်သလိုလိုပဲ။ ထူးဆန်းနေလေရော့သလား။
ကျွန်တော်ကတော့ မထူးဆန်းဘူးလို့ထင်ပါတယ်။ အဲလက်(စ်) သီချင်းထဲမှာတောင်ပါသေးတယ် ~~ အသည်းကွဲတဲ့ အရသာကို ကြိုက်မိလို့ ~~ ဆိုတာ။
အသည်းကွဲဖြေဆေး အတွက် ပထမဆုံး ဆေးက အသည်းကွဲတဲ့ အရသာကို ကြိုက်တတ်ရမယ်။

နောက်တစ်ချက်ကတော့ စိတ်ပြေလက်ပျောက် တစ်ခုခုလုပ်ရမယ်။ သူငယ်ချင်းတစ်ယောက်ကတော့ သူစိတ်ညစ်ရင် ဂိမ်းကစားတယ်တဲ့။ ဂိမ်းထဲမှာအာရုံရောက်နေရင် ကျန်တာတွေမေ့ပြီပေါ့။
ကျွန်တော်ကတော့ နောက်ဆုံးတစ်ခေါက် အသည်းကွဲတော့ ဗွီဒီယိုတွေကြည့်တယ်။ 500 Days of Summer ကားကို အကြိုက်ဆုံးပဲ။
နောက်ဆုံးအခန်းကို အကြိုက်ဆုံးပဲ။ အဲဒီကားကလည်း အသည်းကွဲတဲ့သူတွေ ကြည့်ဖို့ သင့်တော်သလားလို့။ အဓိကကတော့ နောက်ဆုံးခန်း။
သေချာတာကတော့ အကြိုက်ချင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်ဝါသနာပါတာ တစ်ခုခုလုပ်ပါပေါ့။

နောက်တစ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။
မျိုးကြီး ကတော့ ~~ အဖော်တွေကောင်းပေမယ့်လည်း ခဏလေး စိတ်ဖြေယုံပဲရှိ ~~ ဆိုလားလို့။ ခဏလေး ဆိုလည်း ခဏလေး စိတ်ဖြေနိုင်ရင် မနည်းပါဘူး။
တစ်ခုရှိတာက ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းမျိုးဖြစ်ဖို့လိုတယ်နော်။ ပျော်ပျော်နေတတ်တယ်ဆိုတာ ကျွန်တော့်လို သူငယ်ချင်းမျိုးပေါ့။ (နှုတ်ခမ်းတွန့်ရုံလေး ပြုံးပါ)
ဆိုပါတော့ တစ်ချို့တွေက ရှိတတ်တယ်။ သူ့တို့ဆီရောက်တာနဲ့ စိတ်ညစ်စရာတွေ စပြောတော့တာပဲ။ သူအဆင်မပြေတာတွေ။ သူ့ပြသနာတွေနဲ့။
ကိုယ်က အသည်းကွဲလို့ သူဆီသွားတယ်။ သူဆီရောက်မှ ပိုဆိုးသွားမယ်။ အဲဒါကြောင့် ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းဆီသွားပါလို့ပြောတာ။ ကျွန်တော့်ဆီ လာခဲ့လည်းရပါတယ်။ အသည်းကွဲတဲ့ အကြောင်းတွေ ပြောပြမယ်။ အသည်းကွဲတာကို ကူပြီး ခံစားပေးမယ်။ ကော်ဖီလိုက်တိုက်မယ်။
ပြီးရင် အသည်းဘယ်လိုကွဲသလဲ ဘယ်လိုခံစားရသလဲ ဆိုတာကို မသိမသာ analyse လုပ်မယ်။ အဲလို အသည်းကွဲတဲ့သူတွေကို analyse လုပ်ခဲ့တဲ့ အတွေ့အကြုံလည်းရှိလို့လည်း ဒီ post လေးရေးနိုင်တာပဲ။ (ခွက်ထိုးခွက်လန် ရယ်ပါ)

အလွန်ခိုင်မာတဲ့ source တွေဖြစ်တဲ့ Facebook Notes တို့ Forward Mail တို့အရပေါ့လေ။
ဆိုကရေးတီး ရဲ့ အတွေးအခေါ်က ဒီလိုပါတဲ့ခင်ဗျ။
ကိုယ့်ကိုထားသွားတဲ့သူဟာ သူ့ကိုချစ်တဲ့ သူတစ်ယောက်ဆုံးရှုံးသွားတယ်တဲ့။ ကိုယ်ကတော့ ကိုယ်ကိုမချစ်တဲ့သူကိုပဲ ဆုံးရှုံးရတာတဲ့။
အဲဒီတော့ ကိုယ်ကိုထားခဲ့တဲ့သူကို သနားရမယ်။ နောက်တစ်ချက်က သူဟာ ကိုယ့်နဲ့မတန်တာ၊ ကိုယ့်အချစ်နဲ့ မထိုက်တန်တာလို့ မှတ်ရမယ်။
ကျွန်တော်ကတော့ ဆိုကရေးတီးရဲ့ နည်းကို မကြိုက်ပါဘူး။ သူပြောသလို ကိုယ်နဲ့ မတန်ဘူးတို့၊ ကိုယ်အချစ်နဲ့ မတန်ဘူးတို့ ဘယ်လိုမှ မှတ်ပေးလို့မရဘူး။
ချစ်မိတယ်ဆိုကတည်းက တန်တယ်တွေ မတန်ဘူးတွေ မပါတော့ဘူး။ ရှုံးတယ်တွေ နိုင်တယ်တွေလည်း မပါတော့ဘူး။
ဆိုကရေးတီးနည်းနဲ့ အဆင်ပြေမယ်ဆိုရင်လည်း ပြေသလို ကြည့်ကြက်ပြီးဖြေလိုက်ပေါ့လေ။

နောက်ဆုံး တစ်ချက်ကတော့ ကိုယ့်ကို အသည်းခွဲပြီးထားခဲ့တဲ့သူတွေ မမုန်းလိုက်ရဘူး။
အဲဒါ အရေးအကြီးဆုံးလို့ထင်တာပဲ။ မုန်းလိုက်ရင် ပိုခံရတယ်။ အမုန်းက လူကိုပူလောင်စေတာကိုး။
ကိုယ့်အသည်းကိုခွဲသွားတဲ့ သူကို တတ်နိုင်သလောက် ဆက်ပြီးချစ်နေရမယ်။
အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ် ဆိုတာမျိုးပြောတတ်ကြတယ်။ အချိန််ဆိုတာ တရားသူကြီးပေါ့။
အခုလို အသည်းကွဲတဲ့ အခါကျပြန်တော့ အချိန်ဆိုတာ အကောင်းဆုံးသမားတော်လည်း ဖြစ်နေပြန်ရော။
ဒါမှမဟုတ်လည်း အကောင်းဆုံးဆေးပေါ့။ အပေါ်ကပြောခဲ့တဲ့ အချက်တွေအတိုင်းသာ မှန်မှန်လုပ်။
အချိန်က အကောင်းဆုံးကုပေးသွားလိမ့်မယ်။ ဟဲဟဲ ... ပြောရရင် ကိုယ်တွေ့ပါ။
ဆောင်းကုန်တော့ နွေကို ရောက်သွားတာပေါ့လေ။ (မအူမလည် ပြုံးပါ)

ဒီ blog post လေးအတွက် ကျေးဇူးတင်ထိုက်တဲ့သူများကတော့ ကျွန်တော့်အသည်းကို ခွဲခဲ့ကြသူများပါပဲ။
ကျေးဇူးအများကြီးတင်ပါတယ်။
(မချိတင်ကဲ ပြုံးပါ)