Wednesday, August 22, 2012

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၃)

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၃)

ကျွန်တော့်ရဲ့ အမိမြေ ရွှေနိုင်ငံမြန်မာပြည်နဲ့ ရေမြေခြားတဲ့ ကျွန်းနိုင်ငံလေးတစ်ခုမှာ ကျွန်တော် အလုပ်သွားလုပ်တုန်းကပေါ့။ ငါးပိနဲ့ပတ်သတ်တဲ့ အမှတ်ရစရာလေး ကျွန်တော်ကြုံခဲ့တယ်။ အဲဒီ့ကျွန်းနိုင်ငံလေးထဲ ၆ လလောက်နေပြီးတဲ့ အခါမှာ အစားအသောက်နဲ့ပတ်သက်လို့ပေါ့ လူက တစ်မျိုးဖြစ်လာတယ်။ စားလိုက်ရင်လည်း ဘာစားစား အာသာမပြေသလို၊ ပေါ့ရွှတ်ရွှတ်နိုင်သလိုလို့၊ တစ်ခုခုလိုနေသလို ဖြစ်ဖြစ်လာတယ်။ နောက်ဆုံးလူက အားမရှိ သလိုလိုတောင်ဖြစ်လာတယ်။ အဲဒီမှာမကြာခဏစားဖြစ်တာတွေကတော့  ကြက်ကြော်တို့ ဘာဂါတို့ပေါ့။ တရုတ်စာဆိုလည်း မီဟွန်းကွေး ဟော့ကင်းမီးတို့လိုမျိုးလည်း စားပါတယ်။ စရောက်ခါစကတော့ စားလို့ကောင်းသလိုလိုနဲ့ နောက်တော့စားရတာ ပေါ့လာတယ်။ ရန်ကုန်ကပို့လိုက်တဲ့ ကြက်သားကြော်နဲ့ အဲဒီကကြက်ကြော်နဲ့တောင် ကြက်သားအရသာချင်းက မတူတာသိပ်သိသာတယ်။ အသီးအနှံစားရင်တောင် မတူသလိုပဲ။ ရေခံမြေခံဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာ။

တစ်ရက်တော့ မြန်မာတွေစုတဲ့နေရာလည်းဖြစ်၊ မြန်မာဆိုင်တွေအများကြီးရှိတဲ့နေရာလည်းဖြစ်တဲ့ ပလာဇာတစ်ခုကိုသွားပြီး။ ငါးပိရည် တို့စရာနဲ့ ထမင်းစားလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ အဲဒီတော့မှ ကျွန်တော်ရဲ့ အသွေးအသားတွေကပါ ငါးပိကို တောင့်တကြပါလား ဆိုတာသိလိုက်ရတော့တာပါပဲ။

Sunday, August 19, 2012

မိုးကြိုးဘေးအတွက် လိုက်နာရန်အချက်များ

မိုးကြိုးဘေးအတွက် လိုက်နာရန်အချက်များ

သတင်းစာထဲဖတ်မိတာလေး ပြန်တင်လိုက်တာပါ။ ဟီး။ ကိုယ်တိုင်ရေးထားတယ်ထင်နေမှာစိုးလို့။

၁။ ယခုအခါ မိုးကြိုးဘေးအန္တရာယ်မှာ အဖြစ်များလာသော ဘေးအန္တရာယ်တစ်မျိုး ဖြစ်လာသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် မိုးကြိုးဘေး အန္တရာယ်နှင့် ပက်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်းများဖြစ်ပေါ်ပါက အောက်ပါအချက်များအား အထူးဂရုပြုလိုက်နာသင့်ပါသည် -

အိမ်အပြင်တွင်ရောက်ရှိနေပါက
(က) အိမ်ထဲသို့ ချက်ချင်းပြေးဝင်ပါ။ သံ/သတ္တုပစ္စည်းများကို လက်တွင်ကိုင်မထားပါနှင့်
(ခ) သစ်ပင်၊ ဓာတ်တိုင်နှင့် သံ/သတ္တုပစ္စည်းများအနီးတွင် မနေပါနှင့်၊ နိမ့်သောနေရာတွင်နေပါ။
(ဂ) ရေကူးကန်၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင် စသည့်နေရာများတွင်ရှိနေခဲ့လျှင် ရေထဲမှ ချက်ချင်းတက်ပြီး လုံခြုံသည့် အခိုအကာနေရာရှာ၍ နေပါ။
(ဃ) အိမ်အပြင်ဘက်တွင် လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီ ဖြန့်ခွဲနေပါ။
(င) ကွင်းပြင်တွင် ထီးထီးကြီး မနေပါနှင့်။
(စ) လျှပ်စီးလက်သည်ကို မြင်သည်နှင့် (၁)မှ (၃၀)အထိ ရေတွက်ကြည့်ပါ။ (၃၀) မပြည့်မီ မိုးကြိုးပစ်သံကြားပါက အမြန်ဆုံး အိမ်ထဲသို့ပြေးဝင်ပါ။ (ဤလက္ခဏာသည် မိမိ၏အပေါ်တည့်တည့်တွင် မိုးကြိုးရောက်နေခြင်းဖြစ်ပါသည်။)
(ဆ) သင့်ဆံပင်များထောင်နေသည်ဟု စတင်ခံစားရပါက မိုးကြိုးပစ်တော့မည့် လက္ခဏာဖြစ်သည်။ ထိုသို့ဖြစ်ပွားပါက ဒူးထောက်ချလိုက်ပြီး သင့်လက်နှစ်ဖက်ကို ဒူးပေါ်သို့ယှက်တင်၍ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားပါ။ မြေပေါ်တွင် ပြားပြားဝပ် မှောက်မနေပါနှင့်။ ထိုသို့မှောက်နေပါက သင့်ခန္ဓာကိုယ်သည် ပိုကြီးမားသောမိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်ပါသည်။
(ဇ) လှေသမားများ၊ ရေကူးသမားများအနေဖြင့် ဖြစ်နိုင်သမျှ ကမ်းသို့ကပ်ပါ။

အိမ်အတွင်း၌ရှိနေပါက
(က) အဆောက်အအုံများ၏ အလယ်တွင်သာနေပါ။ ရေပိုက်များနှင့် ရေဆေးခွက်များအနီးတွင် မနေပါနှင့် (မိုးကြိုးလျှပ်စီးမှတစ်ဆင့် ဓာတ်လိုက်တတ်သည်)
(ခ) ပြတင်းပေါက်များနှင့် ဝေးကွာသောနေရာတွင်နေပါ။
(ဂ) တယ်လီဖုန်းဆက်သွယ်ပါက တယ်လီဖုန်းလိုင်းမှတစ်ဆင့် မိုးကြိုးထိမှန်နိုင်သဖြင့် ဖုန်းများမသုံးပါနှင့်။
(ဃ) တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်မီးဖိုနှင့် ကွန်ပျူတာစသည့် လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားပါ။
(င) လျှပ်စီးလက်သောအခါ သင့်အိမ်အတွင်းရှိ သံ/သတ္တုနှင့် ဆက်စပ်သောပစ္စည်းများအတွင်းသို့ လျှပ်စစ်စီးဝင်နေနိုင်၍ ရေမချိုးပါနှင့်၊ မည်သည့် သံ/သတ္တုပစ္စည်းကိုမှ မကိုင်ပါနှင့်။
(စ) အဆောက်အအံများတွင် မိုးကြိုးလွှများ ကြိုတင်တပ်ဆင်ထားပါ။
(ဆ) မိုးကြိုးအပစ်ရပ်ပြီး နာရီဝက်ကျော်ကြာမှ အိမ်အပြင်သို့ထွက်ပါ။
(ဇ) မီးပြတ်သွားပါက ဓာတ်မီး(သို့မဟုတ်) အရေးပေါ်မီးများကိုသာ အသုံးပြုပါ။

ကားမောင်းနေပါက

(က) အရှိန်ကိုလျှော့ပါ။ လမ်းဘေးသို့ချရပ်ပါ။ ကားထဲတွင်သာဆက်နေပါ။
(ခ) ကားရပါထားစဉ် အရေးပေါ်အချက်ပြမီးကို ဖွင့်ထားပါ။
(ဂ) သစ်ပင်ကဲ့သို့ ရှည်လျားမြင့်မားသည့်အရားများနျင့် ဝေးရာတွင်နေပါ။
(ဃ) ကားထဲတွင် မည်သည့် သံ/သတ္တုပစ္စည်းများကိုမှ မကိုင်ပါနှင့်။
(င) ရေလွမ်းနေသောလမ်းပေါ်တွင် ကားမမောင်းပါနှင့်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
Source: မြန်မာ့အလင်း အတွဲ(၅၁)၊ အမှတ်(၂၄၄) ဇွန် ၅ ရက်၊ အင်္ဂါနေ့၊ ၂၀၁၂။

Thursday, August 9, 2012

ဘိုမ လွမ်းချင်း

ဘိုမ လွမ်းချင်း

ဟုတ်ပါတယ်။ သူ့နာမည်က ဘိုမပါ။ ကျွန်တော်တို့အိမ်ကို ရောက်လာတော့ ခပ်ငယ်ငယ်ပဲရှိပါသေးတယ်။ ဘယ်ကနေဘယ်လိုရောက်လာတယ်ဆိုတာကိုလည်း အိမ်သားတွေအကုန်မသိကြပါဘူး။ ဘိုမဆိုတဲ့နာမည်ကို ကျွန်တော့်အဖွားကပေးထားတာပါ။ ဘာလို့လဲဆိုတတော့ သူက ပေါင်မုန့်အရမ်းကြိုက်တတ်လို့ပါတဲ့။ ဟုတ်ပါတယ်။ ဘိုမဆိုတာ ပေါင်မုန့်ကြိုက်တတ်တဲ့ ကြောင်မလေးတစ်ကောင်ပါ။


ဘိုမက လိမ္မာတယ်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဘိုမကလိမ္မာတယ်လို့ပြောတာမဟုတ်ပါဘူး။ တကယ့်ကို လိမ္မာတာပါ။ ဟိုးအရင်ကလည်း အိမ်မှာ ကြောင်လေးတွေမွေးဖူးပါတယ်။ ဘိုမလောက်မလိမ္မာကြပါဘူး။ ဘိုမကလေးမွေးတော့လည်း ဘိုမရဲ့ကလေးလေးတွေနဲ့ အတူတူမွေးထားတာပါပဲ။ ဘိုမလောက် ဗီဇမကောင်းကြဘူး။ ဘိုမက လူ့အရိပ်အကဲလည်း တော်တော်သိတတ်တယ်။ ကျွန်တော့် အငယ်ဆုံး ဝမ်းကွဲညီမလေး ဇွန်ဇွန်ဆို အိမ်လာရင် ဘိုမကို စိတ်ကြိုက်ကိုင်တွယ် ဆော့ကစားနေတာပါပဲ။ ဘိုမကို ရိုက်လားရိုက်ရဲ့၊ စောက်ထိုးမိုးမျှော်လုပ်လား လုပ်ရဲ့နဲ့။ ဒါပေမယ့် ဘိုမက သည်းခံရှာတယ်။ တခြားကြောင်တွေတော့ အဲသလိုလုပ်လို့မရဘူး။ ပြန်ကုတ်ခြစ်ကြတယ်လေ။


ကျွန်တော်နဲ့ ဘိုမ အကြိုက်ချင်းတူတာရှိတယ်။ အဲဒါကတော့ ပြောင်းဖူးပြုတ်။ ဘိုမက ပေါင်မုန့်အပြင် ပြောင်းဖူးပြုတ်လည်း တော်တော်ကြိုက်တတ်တယ်။ ပြောင်းဖူးတစ်ဖူးကို သူနဲ့ကျွန်တော် အတူတူစားခဲ့ဖူးတာပေါ့။ ဒါပေမယ့် အစားအသောက်တောင်းစားတဲ့အခါမှာလည်း ဘိုမက အိန္ဒြေမပျက်ဖူး။ ကျွန်တော် တစ်ခုခုစားနေတဲ့အချိန်ဆို ကျွန်တော့်နားရောက်လာတယ် လူကိုကြည့်တယ်။ မျက်နှာအမူအယာက ဘာစားနေလဲပေါ့။ နည်းနည်းကျွေးပါလားဆိုတဲ့ပုံမျိုးနဲ့။ တခြားကြောင်တွေလို တညောင်ညောင် တဆာဆာ အော်တောင်းနေတာမျိုးမဟုတ်ဖူး။ ဒါလည်း လိမ္မာတာတစ်ခုပေါ့။ ထမင်းစား စာပွဲပေါ်ဆိုလည်း လုံးဝမတက်ဖူး။ လူမရှိတဲ့အချိန်မျိုးတောင် မတက်တာပါ။ ဒီလိုသိတတ်မှုမျိုးကတော့ တကယ်ရှားပါတယ်။


ဘိုမရဲ့ အချစ်ဇာတ်လမ်းတွေတော့ ကျွန်တော်သိပ်မသိဘူး။ ဒါပေမယ့် တစ်နေ့မှာ ဘိုမ ကိုယ်ဝန်ရှိလာတယ်။ ကလေးမွေးတယ်။  ဘိုမရဲ့ကလေးတွေကို တခြားမွေးချင်တဲ့သူတွေကို နည်းနည်းကြီးလာတော့ ပေးပစ်လိုက်တယ်။ ရက်စက်တယ်တော့မဟုတ်ဖူးပေါ့လေ။ အိမ်ကလူတွေက တိရိစ္ဆာန်တွေကို အရမ်းကြီးမချစ်တတ်ဖူး။ ဒီလိုပဲ။ တိရိစ္ဆာန်မုန်းတီးတဲ့သူတွေတော့လည်း မဟုတ်ပါဘူး။ သည်းသည်းလှုပ်မချစ်တတ်ကြဘူးပေါ့လေ။ တချို့လူတွေလို သားလေးရဲ့ သမီးလေးရဲ့နဲ့ ပွေ့ဖက်နမ်းရှုံ့တာမျိုးတော့ ဘယ်လိုမှကို လုပ်လို့မရဘူး။ ဘိုမကိုတောင် တကူးတက ခေါ်ယူမွေးစားတာမဟုတ်ဖူးလေ။ သူ့ဘာသာ ဘယ်ကနေရောက်လာမှန်းမသိ ရောက်လာတာကို လက်ခံ စောင့်ရှောက် ကျွေးမွေးထားတာမဟုတ်လား။ နောက်ပိုင်း ဘိုမကိုလည်း တားဆေးထိုးပေးထားတယ်။ တစ်ခါဆို ဘိုမကိုတောင် တခြားအိမ်ပို့ဖူးသေးတယ်တယ်။ တခြားအိမ်ကိုတော့မဟုတ်ပါဘူး ဇွန်ဇွန်တို့အိမ်ကိုထည့်ပေးလိုက်တာပါ။ ဒါပေမယ့် လမ်းမှာလွတ်သွားတယ်။ ဘိုမလွတ်သွားတဲ့ သတင်းလည်းကြားရော ကျွန်တော့်အဖွားဆို ငိုတောင်ငိုတယ်။ အိမ်ကလူတွေလည်း လွတ်သွားတဲ့နေရာနားမှာ သွားရှာကြတာပေါ့။ မတွေ့ကြဘူး။ ဒါပေမယ့် နောက်နေ့လည်းကျရော ဘိုမကအိမ်ပြန်ရောက်နေတယ်။ တော်သေးတာပေါ့ဘိုမရယ်ဆိုပြီး တစ်အိမ်လုံး စိတ်သက်သာရာရကြတယ်။



ဒီလိုနဲ့ ဘိုမ အသက်ကြီးလာတယ်။ ကျွန်တော့်ညီမလေး ဇွန်ဇွန်ဆိုလည်း (၄)တန်းရောက်နေပြီ။ ဘိုမရဲ့ အသက်အတိအကျကတော့ မသိဘူးပေါ့လေ။ ဒါပေမယ့် အသက်ကြီးလာတာတော့ သိသာတယ်။ ကြောင်အိုရုပ်ပေါက်လာတယ်။ အခုန်အပျံလုပ်တာတွေ အရင်လို မြန်မြန်ဆန်ဆန်မလုပ်တော့ဘူး။ ခပ်လေးလေးနဲ့ တော်တော်လေးချိန်ဆပြီးမှလုပ်လာတယ်။ စိတ်မကောင်းသလိုဖြစ်ရပေမယ့် တရားနဲ့ပြန်ပြန်ဖြေပါတယ်။ ကြောင်မှမဟုတ်ဖူး လူဆိုတာလည်း အိုနာသေဘေးရှိတယ်။ ငါလည်းအိုရမှာဆိုပြီးပေါ့။ တစ်ခါတစ်ခါ ဘိုမကတရားပြပေးနေသလိုတောင် ခံစားရတယ်။


အဲဒီနေ့ညက သူ ကျွန်တော့် စာအုပ်ပုံတွေကြားမှာအိပ်တယ်။ စာအုပ်ပုံတွေထဲကနေ မောင်းထုတ်ဦးမလို့ပါပဲ။ ဒါပေမယ့် ညနေက ကျွန်တော်အဒေါ်ပြောသံကို ပြန်ကြားမိတယ်။ ဘိုမ အစာမစားတာ နှစ်ရက်ရှိပြီတဲ့။ သြော် ဘိုမ နေမကောင်းဘူးထင်တယ်။ အိပ်ပါစေတော့လေ ဆိုပြီး စာအုပ်ပုံတွေကြားမှားပဲ ထားလိုက်တော့တယ်။ မနက်မိုးလင်းတော့ စာအုပ်တွေကြားကနေ သူထတယ်။ လမ်းလျှောက်တာက ယိုင်နေတယ်။ ရေတိုက်တော့ သူရေသောက်တယ်။ တော်တော်များများသောက်သွားတယ်။ ကြောင်စာတွေသိမ်းထားတဲ့ အဒေါ်ကမရှိတော့ ကြောင်စာဘယ်မှာမှန်းမသိလို့ မကျွေးလိုက်ရဘူး။ ရေသောက်လို့ဝတော့ ဝရန်တာကနေ အိမ်ရှေ့ခေါင်မိုးပေါ်တက်တယ်။ ပြီးတော့ ဘေးအိမ်ခေါင်မိုးပေါ်ကို ခုန်ကူးတယ်။ ခုန်ကူးဖို့အရေး သူ့မှာတော်တော်အားယူနေရပုံရတယ်။ ဟိုဘက်ခေါင်မိုးပေါ်ရောက်တော့ လဲကျသေးတယ်။ ကျွန်တော်ထင်တာက သြော် ဒီနေ့က နေသာတယ်ဆိုတော့ နေပူဆာလှုံမလို့ပေါ့။ အဲသလိုထင်တာ။ မဟုတ်ဘူး။ ဆက်သွားတယ် ကျွန်တော်တို့ တစ်အိမ်ကျော်အိမ်ရဲ့ ခေါင်မိုးပေါ်အထိ ဆက်သွားတယ်။ အဲဒီရောက်မှ လှဲအိပ်နေတယ်။ သူ့ကိုနောက်ဆုံးတွေ့လိုက်ရတာက အဲဒီ့အထိပဲ။ နာရီဝက် တစ်ခါလောက် သူ့ကို လှမ်းလှမ်းကြည့်နေတာပဲ။ ဒါပေမယ့် နေ့လည်လောက်ကျတော့ သူ့ကို အဲဒီမှာမတွေ့တော့ဘူး။ ညနေကျတော့လည်း အိမ်ပြန်မလာဘူး။ နောက်နေ့မနက် ဘေးအိမ်တွေကို လိုက်မေးကြည့်တယ်။ မတွေ့ကြဘူး။ ထူးထူးဆန်းဆန်းပဲ ပျောက်သွားတယ်။

အိမ်မှာ တစ်ယောက်တစ်မျိုးပြောကြတယ်။ ဘိုမက အိမ်ကလူတွေကို ဒုက္ခမပေးချင်လို့ တခြားမှာသွားသေတာတဲ့။ သနားပါတယ်တဲ့။ အရမ်းလိမ္မာတဲ့ကြောင်လေးတဲ့။ ဆရာဝန်တောင် မပြပေးလိုက်ရဘူးတဲ့။ သူ့ကိုယ်သူ သေမယ်ဆိုတာကြိုသိနေမယ်ထင်တယ်တဲ့။ အစာလည်း ကျွေးတာမစားတော့ဘူးတဲ့။

လိမ္မာတဲ့ ဘိုမတစ်ယောက်(တစ်ယောက် လို့ပဲသုံးလိုက်တယ်) ကောင်းရာမွန်ရာရောက်ပါစေ။

Wednesday, June 6, 2012

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၂)

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၂)

အိမ်မှာဆိုရင်တော့ ကျွန်တော်က အမေချက်တဲ့ ထမင်းနဲ့ ဟင်းကို အဆင်သင့်စားတဲ့သူပေါ့။ ကျွန်တော့်အမေက ဟင်းချက်တာ တော်တော်လေးကောင်းပါတယ်။ အမေကျိုတဲ့ ငါးပိရည်ကလည်း တော်တော်ကောင်းပါတယ်။ ငါးပိရည်ကို ခပ်ပျစ်ပျစ်ကျိုတယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်မှုန့်ထည့်ဖျော်တယ်။ ငရုတ်သီးအကျက်မှုန့် ကိုတော့မထည့်ဘူး။ အဲဒီလိုဖျော်ထားတဲ့ ငါးပိရည်ကတော့ ကျွန်တော့်အကြိုက်ပါပဲ။ ငါးပိရည်နဲ့ တို့စရာကောင်းကောင်းပါတဲ့နေ့ဆိုရင် ကျွန်တော်က ဟင်းတွေအရင်မစားသေးပဲ ငါးပိ တို့စရာနဲ့ တင် ထမင်းသုံးလေးလုပ် အရင်စားမိပါတယ်။ ငါးပိကို အဲသလိုကို ကြိုက်တာပေါ့။

ဒါပေမယ့် ငါးပိရည်က အမြဲတမ်းကျိုတာတော့မဟုတ်ဖူးဗျ။ ငါးပိရည်မကျိုတဲ့နေ့ဆို နောက်တစ်မျိုးရှိသေးတယ်။ စိမ်းစားငါးပိပါ။ ငါးပိရည်မကျိုတဲ့နေ့မျိုးဆို စိမ်းစားငါးပိ ပါတတ်ပါတယ်။ ငါးပိစိမ်းစားကို မီးကင်။ မီးကင်တာလား မီးဖုတ်တာလား တစ်ခုခုပေါ့။ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်နဲ့ ရောပြီးထောင်းတာပေါ့။ ငါးပိထောင်းပေါ့။ အဲဒါလည်း ကျွန်တော်ကြိုက်ပါတယ်။

နောက်တစ်မျိုးကျပြန်တော့ ငါးပိမီးဖုတ်၊ ပြီးတော့ ကြက်သွန်နီပါးပါးလှီး၊ ငါးပိထဲကို ကြက်သွန်နီပါးပါးလှီးထားတာကိုထည့် သံပုရာရည်ဆမ်းလိုက်တော့ ငါးပိသုတ်ဖြစ်သွားရောပေါ့။ အဲဒါလည်း တော်တော်ကို စားလို့ကောင်းပါတယ်။ အနံ့လေးကို မွှေးလို့။

နောက်တစ်မျိုးကတော့ ငါးပိကြော်ပေါ့။ ဒါကတော့ လူတော်တော်များများကြိုက်တတ်ကြတယ်။ ငံပြာရည်ကြော်လို့လည်း တစ်ချို့က ခေါ်ကြသလို ဘာလချောင်ကြော်ဆိုပြီးတော့လည်း ပြောတတ်ကြသေးတယ်။ အဲဒါကျတော့ အဓိကက ပုစွန်ခြောက်ထောင်း၊ ကြက်သွန်နီပါးပါးလှီး၊ ဆီသတ်၊ ပုစွန်ခြောက်ထည့်၊ ငံပြာရည် ကောင်းကောင်းထည့်ပြီးကြော်တာပေါ့။ ကောင်းမှကောင်းပဲ။

Wednesday, May 9, 2012

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၁)

ငါးပိ ကြိုက်တဲ့ ကျွန်တော် (၁)

လှည်းတန်းမှာ ကျွန်တော်စားနေကျ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ဆိုင်လေးလို့သာ ပြောလိုက်ရတာ ဆိုင်မှာခင်းထားတာ စားပွဲ ၅၀ လောက်ရှိတယ်။ စာသောက်ဆိုင်တွေကို အဆင့်သတ်မှတ်ချက်ပေးထားတာမျိုး မြန်မာနိုင်ငံမှာ မရှိလေတော့ ဘယ်အဆင့်လို့ တန်းပြီးပြောလို့မရဘူးပေါ့လေ။ ဆိုင်ကတော့ ရောင်းကောင်းတယ်။ လှည်းတန်းဆိုတာကလည်း ရန်ကုန်မှာ လူအစည်ကားဆုံးနေရာတွေထဲက တစ်ခုဖြစ်နေတော့ကာ ဆိုင်မှာကလည်း လူပြတ်တယ်လို့မရှိဘူးပေါ့လေ။ ပြီးတော့ အစားအသောက် အမယ်ကလည်း အစုံအလင်ရသေးရဲ့။ ထမင်းကြော်၊ ထမင်းပေါင်း၊ ဆီချက်၊ ကော်ရည် စတဲ့တရုတ်အစားအစာတွေ ရသလို၊ လဖက်သုတ်၊ ထမင်းသုတ်၊ မုန့်ဟင်းခါး စတဲ့မြန်မာအစားအစာ တွေလည်းရတယ်။ နောက်ထပ်ရှိသေးတာက ရှမ်းခေါက်ဆွဲ၊ မြေအိုးမြီးရှည် စတဲ့ ရှမ်းအစားအစာ လည်းရတယ်။ လဖက်ရည်၊ ကော်ဖီရသလို ပန်းသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ မြင်းခွာရွက်ဖျော်ရည် စတဲ့ သစ်သီးဖျော်ရည်နဲ့ အအေးမျိုးစုံလည်းရတယ်။ မနက်ပိုင်းဆို ဒင်းစန်း လည်းရသေတယ်။ ဈေးနှုံးကလည်း သင့်တင့်တယ်။ စားပွဲထိုးတွေကတော့ ယောက်ျားလေးရော မိန်းကလေးရော ဆယ်ကျော်သက်အရွယ် လေးတွေ များတယ်။ ဆိုင်ရှင်တွေက သေချာကြပ်မတ်သင်ကြားထားတဲ့ပုံရှိတော့ စားပွဲထိုးတွေက လုံးဝပြီးပြည့်စုံအောင် ဝန်ဆောင်မှုပေးနိုင်တယ်လို့ ပြောလို့မရပေမယ့် စားပွဲထိုးနဲ့ ပတ်သတ်ပြီးတော့ကာ စိတ်ညစ်စရာတော့ မကြုံဖူးသေးဘူး။ 
  ကျွန်တော်စားနေကျ ဆိုင်အကြောင်းပြောနေတာနဲ့ တကယ်ရေးချင်တဲ့ ငါးပိ အကြောင်းမရောက်တော့ဘူး။ ဒီဘလော့ပို့စ လေးကိုရေးဖို့ဖြစ်လာတာက အဲဒီ့ဆိုင်ကလေးမှာ ကော်ရည်ခေါက်ဆွဲစားဖြစ်တဲ့ နေကစတာပေါ့။ ကော်ရည်ခေါက်ဆွဲနဲ့ ငါးပိ ဆိုတာကို တွဲလို့ရမယ်လို့ အရင်ကတော့မထင်ထားဘူး။ အဲဒီ့ဆိုင်မှာတော့ ကော်ရည်ခေါက်ဆွဲ နဲ့တွဲစားဖို့အတွက် အချဉ်ကို ငါးပိချဉ်ပေးတယ်။ ပထမတော့ ကျွန်တော်လည်း စားဖို့ခပ်တွန့်တွန့်ဖြစ်နေတာပေါ့။ စားမိလိုက်မှ လျှာလည်သွားတော့တာပေါ့။ စိမ်းစားငါးပိကို ရှောက်သီးနဲ့ နယ်ထားတာမျိုးဖြစ်ပါလိမ့်မယ်။ ပြီးတော့ အဲဒီ့ငါးပိနယ်ကို ဂေါ်ဖီထုပ်ပါးပါးလှီး နဲ့ရောပြီး အချဉ်ဆိုပြီး ပေးတာပေါ့။ အချိုးအစား ဘယ်လောက်လဲတော့ မခန့်မှန်းတတ်တော့ဘူး။ အဲဒါနဲ့ပဲ အဲဒီ့ဆိုင်လေးမှာ ကော်ရည်ခေါက်ဆွဲ ကို လနဲ့ချီပြီး (သုံးရက်တစ်ကြိမ် လေးရက်တစ်ကြိမ် မျိုးဆိုပါတော့) စားဖြစ်တော့တာပဲ။ အမှန်တော့ ကော်ရည်ခေါက်ဆွဲကို ငါးပိချဉ်နဲ့စားရလို့သာ အဲသလိုမျိုး သွားစားဖြစ်သွားတာပါ။ ကိုယ့်ကိုယ်ကိုလည်း ပြန်စဉ်းစားကြည့်ပြီး ကြိတ်ပြံုးမိသေးရဲ့။ ငါးပိချဉ်စားချင်တာနဲ့ပဲ ဒီဆိုင်ကို တကူးတက သွားစားနေတာကိုပေါ့။ 

Monday, February 20, 2012

ကိုးကုဋေကိုးသန်းကိုးသိန်းကိုးသောင်းကိုးထောင့်ကိုးရာ့ကိုးဆယ့်ကိုး

ကိုးကုဋေကိုးသန်းကိုးသိန်းကိုးသောင်းကိုးထောင့်ကိုးရာ့ကိုးဆယ့်ကိုး

ပြီးခဲ့တဲ့ တစ်ပတ်လောက်က သူငယ်ချင်းတစ်ယောက်က သူရေးထားတဲ့ ပရိုဂရမ် လေးကိုလာပြတယ်။ မှန်/မမှန် Test လုပ်ကြည့်ပေးပါလို့လည်းပြောတယ်။ ပရိုဂရမ်က ဘာမှတော့မဟုတ်ပါဘူး။ နံပါတ်တစ်ခု input သွင်းလိုက်ရင် အဲဒီ့နံပါတ်ကို စာအနေနဲ့ပြန်ပြပေးတာလေးပါပဲ။ "123" လို့ထည့်လိုက်ရင် "တစ်ရာ့နှစ်ဆယ့်သုံး" ဆိုပြီးတော့ပြန်ပြပေးတာလေးပါ။ သူက Java နဲ့ရေးထားပြီး ကျွန်တော့်ကို jar file ပဲပေးတယ်။ ပြီးတော့ သူက source code ကိုမပြဘူး။ ဘာလို့မပြတာလဲမေးတော့ သူက စပ်ဖြီးဖြီးနဲ့ပြန်ဖြေတယ်။ "ဟ ... logic က ဦးနှောက်ခြောက်အောင် စဉ်းစားထားရတာ။ ဒီလောက်ရအောင်ရေးဖို့ လွယ်တာမှတ်လို့။ တော်ကြာ source code ကြည့်ပြီး idea တွေခိုးသွားရင် ဘယ်လိုလုပ်မလဲ" ... တဲ့။ ကျွန်တော်ကလည်း "ဟားဟား ဒီ logic လေးများ၊ ခိုးစရာလား၊ ရေးပြမယ်၊ ပြီးမှ ဘယ်သူ့ code ပိုကောင်းလဲပြိုင်မယ်" ... ဆိုပြီးပြောလိုက်တာပေါ့။

ကျစ်ကျစ်လစ်လစ် လုပ်ပြီးသား Java code လေးရေးပြထားပါတယ်။

public static String getw(int n){
String w[]={"သုည","တစ်","နှစ်","သုံး","လေး","ငါး","ခြောက်","ခုနစ်","ရှစ်","ကိုး"},
t[]={"","ဆယ်","ရာ","ထောင်","သောင်း","သိန်း","သန်း"},
x="";
boolean s=false;
for(int i=0;i<7;i++){
  if(n%10>0)
   if(i<4){x=w[n%10]+t[i]+(s?"့ ":" ")+x;s=true;}
   else{x=w[n%10]+t[i]+" "+x;}
  n/=10;
}
return x;}




အခုပရိုဂရမ်လေးကတော့ သန်းဂဏန်းအထိပဲ ပြပေးတာပါ။ ကုဋေအထိပြမယ်ဆိုလည်း array ထဲမှာ "ကုဋေ" ထည့်ပေးလိုက်ပြီး looping မှာ "8" အထိလုပ်လိုက်ရုံပါပဲ။

ဘလော့မှာ မရေးဖြစ်တာတော်တော်ကြာပြီ။ အခုပြန်ရေးဖြစ်တော့ ... ဒီပိုစ့်လေးက ကျွန်တော့်ရဲ့ပိုစ့်တွေထဲမှာ coding ပါတဲ့ ပထမဆုံးပိုစ့်လေး ဖြစ်သွားပါတယ်။