Monday, August 17, 2015

Uncle

မနေ့က တနင်္ဂနွေနေ့။ နေ့လည်စာစားဖို့ အိမ်ကနေထွက်တယ်။ အိမ်နားက ဘတ်စကားဂိတ်မှာ ကားရပ်စောင့်တယ်။ အနားမှာ ကောင်မလေးနှစ်ယောက်လည်း ကားဂိတ်ရောက်လာတာတွေ့တယ်။ သေချာသတိမထားမိဘူး ကိုယ့်အာရုံနဲ့ကိုယ်ပဲ ဖုန်းထဲကဂိမ်းကိုကြည့်ရင်းနေမိတယ်။ သူတို့နှစ်ယောက်ကတော့ အချင်းချင်း စကားပြောနေကြတယ်။ တစ်မိနစ်တောင်မကြာပါဘူး ဘတ်စကားတစ်စီး ခပ်ဖြေးဖြေးမောင်းလာတယ်။ ကိုယ်စီးနေကျမှတ်တိုင် စီးနေကျဘတ်စကားဆိုတော့ လက်လှမ်းတားလိုက်တယ်။

အဲဒီမှာ ကောင်မလေးတစ်ယောက်က ရုတ်တရက်ကျွန်တော့်ကို လှမ်းမေးတယ်။ မေးပုံက ကြည့်ဦး။ "Uncle! This bus go until where huh?"။ ရုတ်တရက် ဘာလဲဟဆိုပြီးဖြစ်သွားတယ်။ ပြီးမှ Ang Mo Kio Hub... Ang Mo Kio Hub. ဆိုပြီးပြန်ပြောဖြစ်တယ်။ အဲတော့မှ Ang Mo Kio Hub huh, thank you, thank you. ဆိုပြီး သူတို့လည်းကားပေါ်လိုက်တက်ကြတယ်။

ပြောချင်တာကတော့ အန်ကယ်လို့ အခေါ်ခံလိုက်ရတာကိုပါပဲ။ ဒါ ပထမဆုံး အန်ကယ်ဆိုပြီး အခေါ်ခံတဲ့ အတွေ့အကြုံဆိုတော့ ဘယ်လိုကြီးမှန်းမသိ မအီမလယ်ကြီးနဲ့။ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့လည်း အင်းအသက်ကြီးနေပါပြီလေ၊ နောက်ထပ် သုံးလေးငါးခါလောက် အခေါ်ခံရပြီးရင်တော့ အသားကျသွားလောက်ပါရဲ့ ဆိုပြီးစိတ်ဖြေရလေရဲ့။ :D

Sunday, February 8, 2015

စစ်တုရင်နဲ့ ဂျုံစေ့ပုံပြင်

စစ်တုရင်ဂရု တစ်ခုထဲမှာ စစ်တုရင်ကို ဘယ်သူတီထွင်သလဲလို့ တစ်ယောက်မေးထားတာတွေတော့ ငယ်ငယ်ကဖတ်ဖူးတဲ့ပုံပြင်တစ်ပုဒ်ကိုပြန်သတိရမိတယ်။

တစ်ခါက ဘုရင်ကြီးတစ်ဦးဟာ နန်းတော်မှာ စည်းစိမ်ခံစားနေရတာချည်း ငြီးငွေ့လာလို့. သူ့ရဲ့အမတ်တွေကို ကစားနည်းတစ်ခုတီထွင်ခိုင်းပါတယ်။ အဲဒီ့မှာ အမတ်ကြီးတစ်ဦးက စစ်တုရင်ကိုတီထွင်ပေးလိုက်ပါတယ်။ ဘုရင်ကြီးဟာလည်း အရမ်းသဘောကျပြီး အမတ်ကြီးကို လိုရာဆုတောင်းစေ ဆိုပြီးဆုတော်လာဒ်တော်တောင်းခိုင်းပါတယ်။ အဲဒီမှာ အမတ်ကြီးက ဂျုံစေ့အနည်းငယ်သာလိုချင်ပါတယ်ဆိုပြီး တောင်းပါတယ်။ ဘုရင်ကြီးက ဒီလောက်စည်းစိမ်ချမ်းသာတွေကြွယ်ဝတဲ့ ဘုရင်ဆီက ဂျုံစေ့တောင်းရလားဆိုပြီးဒေါသဖြစ်ပါတယ်။ နောက်တော့ ငါကိုယ်တိုင်က လိုရာကိုတောင်းခိုင်းထားတာပဲလေဆိုပြီး ဂျုံစေ့သာပေးစေဆိုပြီးပြောပါတယ်။ 

ဂျုံစေ့ဘယ်လောက်များများလိုချင်သလဲ ဆိုပြီးအမတ်ကြီးကိုမေးတဲ့အခါ အမတ်ကြီးက - "သိပ်တော့မများပါဘူး၊ စစ်တုရင်ခုံရဲ့ ပထမအကွက်မှာ ဂျုံစေ့တစ်စေ့၊ ဒုတိယအကွက်မှာ ဂျုံစေ့နှစ်စေ့၊ တတိယအကွက်မှာ ဂျုံစေ့လေးစေ့၊ ၈ စေ့၊ ၁၆ စေ့ ... အဲသလိုတိုးသွားပြီး စစ်တုရင်ခုံ ပြည့်ရင်တော်ပါပြီ" လို့ပြောပါတယ်။ 
ဒါနဲ့ပဲ ဘုရင်ကြီးဟာ အမတ်ကြီးတောင်းတဲ့အတိုင်း အတိအကျပေးစေဆိုပြီး သူ့ရဲ့ ဘဏ်ဋာစိုး အမတ်ကိုအမိန့်ပေးလိုက်ပါတယ်။ 

နောက်တနေ့မိုးလင်းတော့ ဘုရင်ကြီးက သူ့ရဲ့ဘဏ်ဋာစိုးကို ဂျုံစေ့တွေပေးပြီးပြီလားလို့မေးပါတယ်။ ဘဏ်ဋာစိုးက ကျွန်တော်မျိုးတို့ ဂျုံစေ့တွေရေတွက်နေတာ အခုမိုးလင်းတဲ့အထိမပြီးသေးပါဘူး။ အခုအထိတွက်နေရတုန်းပါပဲ လို့လျောက်တယ်။ 
ဘုရင်ကြီးက "ဟ မင်းတို့ကြာလှချေလား၊ ဂျုံစေ့ကဘယ်လောက်များလို့ ဒီလောက်တောင်ရေနေရတာလဲ" လို့မေးပါတယ်။ 
 ဘဏ်ဋာစိုးက "မှန်ပါ ဂျုံစေ့အရေအတွက်ဟာ အလွန်များပြားလှပါတယ် အရှင်မင်းကြီး ရိက္ခာတိုက်ထဲမှဂျုံစေ့များအကုန်ပေးလျင်တောင် မလောက်နိုင်ပါဘုရား" လို့ ပြန်လျောက်ပါတယ်။ 
ဘုရင်ကြီးက "တယ် ငါ့ရိက္ခာတိုက်က မုဆိုးမအိမ်က မီးဖိုချောင်မှမဟုတ်တာ၊ ဂျုံစေ့က ဘယ်လောက်တောင်များနေလို့လဲ" လို့ပြောပါတယ်။ 
ဒါနဲ့ ဘဏ်ဋာစိုးက "အရှင်မင်းကြီးရဲ့ ရိက္ခာတိုက်က ဂျုံစေ့တွေအပြင်၊ အရှင်မင်းကြီးတိုင်းနိုင်ငံထဲမှာ ရှိရှိသမျှဂျုံစေ့တွေယူပေးလျင်ပင် လောက်မှာမဟုတ်သေးပါဘူး ဘုရား၊ အရှင်မင်းကြီးပိုင်တဲ့ တိုင်းနိုင်ငံတစ်ခုလုံး မြေလွတ်သမျှ ဂျုံတွေသာစိုက်ပြီး၊ ထွက်သမျှဂျုံစေ့တွေပေးမယ်ဆိုရင်တောင် နှစ်ပေါင်းများစွာပေးရပါလိမ့်မယ်" လို့လျောက်ပါတယ်။ 
ဘုရင်ကြီးလဲ "ဟေ အဲသလောက်များရလား၊ ငါ့ကိုတွက်ပြစမ်း" ဆိုပြီးတွက်ပြခိုင်းတော့တယ်။ ကဲတွက်ကြည့်ကြပေတော့။
ပုံပြင်ဘယ်လိုအဆုံးသတ်တယ်ဆိုတာ သေချာတော့မမှတ်မိတော့ဘူး။