Sunday, December 11, 2016

သစ္စာ

သစ္စာ

အသက်ကဖြင့် မြေးချီလို့ရတဲ့အရွယ်ရောက်နေပြီ ကလေးကလားတွေ ရေးနေသေးတယ်လို့ ပြောလည်းခံရမှာပဲ။ စဆရက လုပ်ပြီး ကိုယ်ရည်သွေးနေတယ်ပြောလည်း ခံရမှာပဲ။ အသလွတ်ကြီးတွေ လာကြွယ်နေတယ်ဆိုလည်း ခံရမှာပဲ။ စိတ်ထဲမှာ ကလိကလိဖြစ်နေပြီး ရေးချင်လွန်းလို့ ဘယ်သူဘာပြောပြော ဘယ်သူဘာထင်ထင် ကိုယ်ရေးချင်တာ ရေးတယ်ကွာလို့  မိုက်စိတ်မွေးပြီးရေးလိုက်တယ်။

ပြောချင်တာက ကျွန်တော်မှာ လက်ချိုးရေရင် လက်နှစ်ဖက်သုံးရမယ့် အရေအတွက်လောက် ရည်းစားတွေရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်ရည်းစားကိုမှ သစ္စာမဖောက်ခဲ့ဖူးဘူး။ ရှင်းရှင်းပြောရရင် တပြိုင်တည်း ရည်းစားနှစ်ယောက်မထားခဲ့ဖူးဘူး။ ရည်းစားရှိရဲ့နဲ့ နောက်တစ်ယောက်ကို အီစီကလီလုပ်ဖို့ဆိုတာမျိုးကတော့ ဝေးသေး။ အိုကေ နင်နဲ့ငါနဲ့ပြတ်ပြီ ဆိုပြီးမှ နောက်တစ်ယောက်တွေ့ဖို့ ဖြစ်လာတာချည်းပါ။ နောက်တစ်ယောက်တွေ့ထားလို့ ဒီတစ်ယောက်ကိုဖြတ်တယ်ဆိုတာမျိုးလည်း နတ္ထိ။ သစ္စာမဖောက်ဘူးဆိုတာ အဲဒါကိုပြောချင်တာပါ။

တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြပြီ ကြိုက်ကြပြီဆိုရင်၊ အဓိကအကျဆုံးအချက်က သစ္စာရှိဖို့ပဲ။ တခြားအချက်တွေ အားလုံးရဲ့ရှေ့မှာဒီအချက်ရှိရမယ်။ အဲဒါ ကျွန်တော့ခံယူချက်။ ဒါပေမယ့် ရည်းစား ၁၀ ယောက်လောက် တပြိုင်နက်တည်း ထားတဲ့သူတွေကိုလည်း အပြစ်မပြောလိုပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့လူပီသတဲ့ ပင်ကိုသဘာဝ အားကောင်းလို့ပဲလို့တွေးပါတယ်။  လူ့ပင်ကိုသဘာဝအရ လူတွေဟာ အဖော်/မိန်းမ/ယောက်ျား တစ်ယောက်ထက်ပိုလိုချင်စိတ် ရှိကြတယ်လို့ဖတ်ဖူးတယ်။ (နှာဘူးတွေ ဒီအချက်ကိုကိုးကားပြီး ဘူးသထက်ဘူးမှာတော့စိုးရတယ်။ ခွိခွိ။) အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူမှုစည်းကမ်း ဆိုတာတွေနဲ့ ကိုယ့်ဘာသာထိမ်းရမျိုးမဟုတ်လား။

အခုတလော သစ္စာမဲ့ချက် ဖောက်ပြန်ချက်တွေ တွေ့တွေ့နေရတာ မြင်လို့တောင်မကောင်းဘူး။ ကိုယ်ကသစ္စာရှိပါတယ်လို့ ပြောရင်တောင် ဟုတ်လို့လား ဆိုပြီးမယုံ သင်္ကာဖြစ်ဦးမှာ။ ကျွန်တော်ကတော့ သစ္စာဆိုပြလို့ရတယ်။ ကျွန်တော် တီဇက်ကေသည် ကျွန်တော့်ရည်းစားအပေါ်တွင် သစ္စာရှိခဲ့ပါသည်၊ ဤမှန်သော သစ္စာစကားကြောင့် ကမ္ဘာကြီးနောက်ပြန်လည်ပါစေ၊ ဆိုပြီး သစ္စာဆိုပစ်လိုက်လို့ ကမ္ဘာကြီးနောက်ပြန်လည်ပြီး အနောက်ဖက်က နေထွက်သွားမယ်။ ဟွန်း။ မလုပ်ချင်လို့ကြည့်နေတာ။

နောက်များ ချစ်သူတစ်ယောက်ထပ်တွေ့ခဲ့မယ်ဆိုရင် (လောလောဆယ်တော့ စိတ်ကုန်နေတယ်) သစ္စာရှိတဲ့သူမျိုးပဲတွေ့ချင်ပါတယ်။ ဒါမှ ကျွန်တော်က သစ္စာဆိုပြီးတော့ ကမ္ဘာကြီးကိုနောက်ပြန်လှည့်၊ အဲဒီတော့ ကျွန်တော့်ချစ်သူက လူတွေဒုက္ခမရောက်ရအောင် ကျွန်တော့်လိုပဲသစ္စာဆိုပြီးတော့ ပုံမှန်အတိုင်းလည်အောင် ပြန်လှည့်။ အရှေ့ကနေထွက် ပန်းရောင်စုံတွေပွင့် အနောက်ဖက်မှာနေဝင် ငှက်ကလေးတွေအိပ်တန်းပြန် ပင်လယ်လှိုင်းတွေ စည်းချက်မှန်မှန်ပြန်ရိုက်ခတ် ကမ္ဘာလောကကြီးတစ်ခုလုံးသာယာ။ ဘယ်လောက် ကြည်နူးစရာကောင်းလိုက်မလဲ။ ခွိခွိခွိ။

တီဇက်ကေ
11-Dec-2016

No comments:

Post a Comment