Sunday, February 5, 2017

မိုးခါးရေ

မိုးခါးရေ

ငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ပုံပြင်ရဲ့ ဇစ်မြစ်ကတော့ သေချာမသိဘူး။

ဟိုးရှေးရှေးတုန်းကပေါ့ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်မင်းလုပ်နေတယ်။ တစ်နေ့ ဗေဒင်ပညာတတ်ကျွမ်းတဲ့ အမတ်ကြီးတစ်ပါးက ဘုရင်ကြီးကို လျှောက်တယ်။ နောက်ခုနစ်ရက်ကြာရင် တိုင်းပြည်မှာ အကြီးအကျယ် မိုးရွာမယ်။ အဲဒီလိုရွာတဲ့အခါ မိုးရေဟာ အရသာခါးနေမယ်။ အဲဒီထက်ဆိုးတာက အဲဒီမိုးရေကို သောက်မိတဲ့သူဟာ စိတ်မနှံ့ရူးသွပ်တဲ့သူ ဖြစ်သွားမယ်။ အဲဒီလိုလျှောက်လိုက်တယ်ဆိုရင်ပဲ ဘုရင်ကြီးကသိသွားပြီပေါ့။ သိသွားတော့ သူကဘာလုပ်လဲ။ အဲဒီကိစ္စကို ပြည်သူတွေကိုအသိမပေးဘူး။ ကာကွယ်မှု ပြင်ဆင်မှု ဘာမှမလုပ်ဖူး။ သူ့အမတ်ကြီးကို ကျိတ်မှာတယ်။ အမတ်ကြီး ... ဒီအကြောင်းကို ခင်ဗျားဘယ်သူ့မှ လျှောက်မပြောနဲ့တော့။ လူတွေအကုန်လုံးမိုးခါးရေကို သောက်ကြပလေ့စေ။ သူတို့တွေရူးသွားမှ ကျုပ်တို့ထိုင်ကြည့်ပြီးဟားကြမယ်။ (တော်တော်ဆိုးတဲ့ ဘုရင်) အမတ်ကြီးကလည်း ဘုရင်ပြောတဲ့အတိုင်းပဲ နေလိုက်တာပေါ့။

အဲဒီလိုနဲ့ နောက်ခုနစ်ရက်နေတော့ မိုးခါးကြီးရွာပါလေရော။ လူတွေကလည်း မိုးရွာတော့ မိုးရေချိုးကြ သောက်ကြနဲ့ပေါ့။ ဟာ... မိုးရေက ခါးခါးလေးဟေ့... သောက်ကြည့်စမ်းပါဦးဟ ဆိုပြီး အချင်းချင်းလည်းတိုက်တွန်းလို့ သောက်လိုက်ကြတာ။ နောက်နေ့လည်းကျရော တစ်တိုင်းပြည်လုံးရူးပါလေရော။ ဘုရင်နဲ့ အမတ်ကြီးနှစ်ယောက်ပဲ အကောင်းအတိုင်းမရူးပဲကျန်တယ်။ ဘုရင်ကြီးကတော့ သူ့အစီအစဉ်အတိုင်း ထိုင်ဟားမယ်ပေါ့။ ဟေ့ အမတ်ကြီး ကြည့်ပါဦး အရူးတွေချည်းပဲ။ (အဲဒီတုန်းက ထရိုးလုပ်တဲ့သူတွေရှိရင်  အရူး အရူး အဲဗရီးဝှဲ ဆိုပြီးလုပ်ကြမလားပဲ)။ အကုန်လုံးရူးကုန်တာ။

ဒါပေမယ့်ခက်တာက အဲဒီအရူးတွေက အချင်းချင်းကို အကောင်းပဲထင်နေကြတယ်။ ဘုရင်နဲ့ အမတ်ကြီးနှစ်ယောက်ကိုရူးသွားကြပြီလို့ သူတို့ကပြန်ပြီး ထင်ကြတယ်။ အဲဒီမှာ ဒုက္ခနဲ့လှလှတွေ့တာပဲ။ ဘုရင်ကြီးခမျာ သူများတွေကို ထိုင်ဟားဖို့လုပ်ထားတာကို၊ သူများတွေကသူ့ကို ပြန်ပြီးဟားတဲ့သူကဟား ဝိုင်းပြီးဂရုဏာသက်တဲ့သူကသက်နဲ့ ဆိုတော့။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ အဆုံး။ အမတ်ကြီးရေ ကျုပ်တို့လည်း မထူးတော့ပါဘူးဗျာ၊ အများသောက်သလို မိုးခါးရေ လိုက်သောက်ကြရအောင်ဆိုပြီး သောက်လိုက်ကြတယ်တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။

ဘာမှမဟုတ်ဖူး ပုံပြင်လေး စိတ်ထဲပြန်ပေါ်လာလို့ ရေးတင်လိုက်တာ။ ကျွန်တော့် ပုံပြင်နဲ့ ဇာတ်လမ်းသွားမတူတာကြားဖူးရင် မှတ်ချက်လေး ရေးသွားခဲ့ပေး။