Tuesday, December 21, 2010

ကျွန်တော့်အသက် Triple X

ကျွန်တော့်အသက် Triple X

သူများတွေကတော့ မွေးနေ့တွေမှာ သူတို့ရဲ့ တစ်နှစ်စာ review ဒါမှမဟုတ် ၅ နှစ် ၁၀ နှစ်စာ review တွေ ရေးကြတာဖတ်ဖူးတယ်။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို review လုပ်ဖူးပါတယ်။ တစ်ခါမှတော့ မရေးဖြစ်ဖူး။ အခုတော့ရေးဖြစ်ပြီ။

အခု အသက်က XXX။ မြန်မာပြည်ရဲ့ life expectancy က (၆၂)။ အောင်မလေး လေး...။ လူ့ဘဝသက်တမ်း တစ်ဝက်နီးပါးနေခဲ့ပြီးပြီ။ review လည်းလုပ်မှ။ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာလည်း သေသေချာချာစဉ်းစားမှ။ Life expectancy က life expectancy ပေါ့
ကျွန်တော့်အသက်ကတော့ (၆၂) ထက်ကျော်မယ်လို့တော့ မျှော်လင့်တာပဲ။ ဟီးဟီး။

အသက်ကြီးလာပြီဆိုတော့ ငယ်ငယ်ကကိစ္စတွေတောင် တချို့ဆို မမှတ်မိချင်တော့ဘူး။ တချို့ဆိုလည်း ပြန်မစဉ်းစားချင်တော့ဘူး။ ငယ်ငယ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းကလည်း ရှားတာကိုး။ ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်ရင် ငယ်ငယ်ကအကြောင်းပြန်ပြောဖြစ်ကြလို့ ပြန်မှတ်မိတာရှိရင်ရှိဦးမယ်။ မျက်နှာစာအုပ်(Facebook) မပေါ်သေးခင်က သူငယ်ချင်းတွေဆိုတော့ အဆက်အသွယ်လည်းမရှိတော့ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း သံယောဇဉ်သိပ်ထားတတ်တဲ့သူမဟုတ်လေတော့ ပြန်တွေ့ရင်တောင် သိပ်မှတ်မိမှာမဟုတ်ဖူး။
(မှတ်မိတဲ့သူများလည်း မသိချင်ယောင်သာဆောင်သွားကြပါ :D :P )။ ထားပါ။ အသက် (၂၀) လောက်က စပြီး review မယ်။

လွန်လေပြီးသော (၁၀) နှစ်တာကာလကပေါ့။ အဲဒီအချိန် ထွန်းဇာနည်ကျော်ဆိုတဲ့ ကောင်လေး ဘာများလုပ်နေပါလိမ့်။
ဟင် ... MCC မှာ instructor လုပ်နေပါလား။ ဟားဟား ... ဟား။ ဟားဟား ဟားလို့သာရယ်ရတယ် တကယ်ရယ်ချင်တာမဟုတ်ဘူး။
ဒီစာရေးနေတဲ့အချိန်မှာ စိတ်ဓာတ်ကျနေသလိုပဲ။ ပြန်ကောက်တင်ပေးမယ့်သူကလည်းမရှိနဲ့။ ငိုချင်တယ်။

အသက် (၂၀) နဲ့ အခု (၃၀) အရွယ် ကွာခြားချက်တွေကို ခေါင်းစဉ်လေးတွေခွဲပြီး ချရေးကြည့်မိတယ်

XXX ကျန်းမာရေး
အသက် (၁၀)နှစ်ပိုကြီးသွားတယ် (negative)
နည်းနည်းလေးပိုဝလာတယ် ... ၁၀ ပေါင်လောက် အလေးချိန်တက်လာတယ်ထင်တယ် (positive)
ဆံပင် (၄)(၅)၊ (၁၀) ချောင်းလောက်ဖြူလာတယ် (negative) ဟူး ... မှန်ထဲမှာကြည့်လိုက်တိုင်းစိတ်ဆင်းရဲရတယ် ... တရားနဲ့ဖြေ တရားနဲ့ဖြေ ဇာတိ ဇရာ ဗျာတိ မရဏာ ... ဘဝဖြစ်ပြီးမှတော့ အိုမယ် နာမယ် သေမယ် ... ကိုယ့်ကိုယ်ကိုပဲတရားချရတယ် ...
အအေးမိ နှာစေး ချောင်းဆိုးက လွဲလို့ ကြီးကြီးမားမား ဘာရောဂါမှမဖြစ်တော့ ကုသိုလ်ကံကောင်းတယ်လို့တွေးရမလားပဲ

စီးပွားရေး
အသက် (၂၀) အရွယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှု ... ဘာမှ မရှိခဲ့ဘူးလို့ပဲပြောရမယ်။ MCC မှာ instructor လုပ်တယ်။ ဆိုတော့။ လကုန်ရင် လခရတယ်။ ကိုယ်တိုင်သုံးလို့လောက်အောင်ပဲ။ ဆင်းရဲပါ့။ MCC မှာ မလုပ်ရင် ဘယ်မှာလုပ်ရမလဲဆိုတာတောင် သိပ်မစဉ်းစားတတ်သေးဘူး။
အဲလောက်ညံ့သေးတာ။
အသက် (၃၀)။ အင်း ... အခုလက်ရှိပိုင်ဆိုင်မှုတွေတော့ အကုန် ပြောလို့မဖြစ်ဖူး။ တော်ကြာ ပိုက်ဆံလာချေးကုန်ကြမှဖြင့်။ ဟားဟား။
ရယ်ချင်လို့တော့မဟုတ်ပါဘူး။ အခုလည်း ဆင်းရဲသေးတာပဲ။ ဘာလို့ဆင်းရဲနေသေးတာလဲ???? စဉ်းစား စဉ်းစား ... ချမ်းသာအောင်ဆိုပြီး ချမ်းသာရာ ချမ်းသာကြောင်း အားသွန်ခွန်စိုက် သေသေချာချာမှ မလုပ်ခဲ့တာ။ ဒါပေမယ့် ဆင်းရဲကလွတ်ဖို့နည်းလမ်းတွေ တော်တော်များများသိထားပြီ။ ရေမြေခြားတဲ့ တိုင်းတပါးမှာလည်း အလုပ်သွားလုပ်ခဲ့ဖူးပြီ။ ဘာအလုပ်လုပ်ချင် လုပ်ချင် လုပ်တတ်ပြီ။
ကိုယ်ပိုင်အလုပ်လည်း လုပ်မယ်ဆိုလုပ်တတ်ပြီ။

လူမှုရေး
အသက် (၂၀) အရွယ်။ ညံ့တယ်။ ထွန်းဇာနည်ကျော်ဆိုတဲ့ အသက်နှစ်ဆယ် အရွယ်ကောင်လေး လူမှုဆက်ဆံရေး တော်တော်ညံ့သေးတာပဲ။ ဟားဟားဟား။ ကြည့်ဦး။ စကားကလည်းနည်း။ စကားပြောတာကလည်း မပွင့်တပွင့်။ စကားပြောရမှာ ရှက်တတ်တယ် ဆိုတာကရှိသေး။
Instructor လုပ်ပေလို့ပဲ။ ဖုန်းဆက်လို့ ကိုယ်စကားပြောချင်တဲ့သူမရှိရင် ဘာပြောရမှန်းမသိပဲ ဖြစ်ရတာကတော့ အမှတ်တရပဲ။ လူစိမ်းတွေနဲ့ စကားပြောဖို့လည်း ဝန်လေးတယ်။ မာန နည်းနည်းကြီးသေးတယ် ... ထူးဆန်းတာက ... လူတစ်ယောက်ကို ကြည့်လိုက်ပြီး စကားနည်းနည်းပြောပြီးတာနဲ့ ဒီလူ ဘယ်လောက်တော်လဲ ညံ့သလဲ စိတ်က အလိုလိုသိနေတယ်။ ညံ့တဲ့သူဆို ... ဟာ ဒီလူ တော်တော်ပိန်းတာပဲ ... ဆိုပြီး သိပ်စကားမပြောချင်တော့ဘူး။ (သူမျာတွေကတော့ ပိုက်ဆံံရှိတာ၊ ရုပ်ချောတာ၊ ရာထူးရှိတာ၊ ပညာတတ်ဘွဲ့ရဖြစ်တာတွေကို ကြည့်ကြမယ်ထင်တယ်) မှတ်မှတ်ရရ တစ်ခုရှိတယ်။ ကောင်မလေးတစ်ယောက်ပဲ။ သူက လူမိုက်ငှားပြီး ကျွန်တော်ကို ချောင်းရိုက်ခိုင်းမလို့တဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော်ကသူ့ကို မတူသလို မတန်သလို ဆက်ဆံမိလို့တဲ့။ ဟီးဟီး။ တွေ့တွေ့ချင်းမှာတော့ သူက နည်းနည်း ပိန်းတိန်းတိန်းပုံစံပေါက်နေလို့ဖြစ်ပါလိမ့်မယ်။ မတူသလို မတန်သလို ဆက်ဆံတာလည်းမဟုတ်ရပါဘူး။ ပြန်တောင်းပန်လိုက်တော့ အဆင်ပြေသွားပါတယ်။ :)
အသက် (၃၀)။ ကိုယ့်ကိုယ်ကို တော်တယ်လို့တော့မပြောရဲသေးဘူး။ အင်း ... MITP meeting မှာတုန်းက presenter တောင်လုပ်လိုက်သေးတယ်။ BarCamp မှာလည်း ဘာမှမဟုတ်တာလေးကို စင်ပေါ်တက်ပြီးပြောလိုက်သေးတယ်။ စကားပြောတတ်ပြီ ဆိုပါတော့။ (စကားပြောတတ်အောင် သင်ပေးခဲ့သူ_များ_ ကို အထူးကျေးဇူးတင်ပါတယ်)
စိမ်းစိမ်း ကျက်ကျက် ဘယ်သူလာလာ ပေါ့ပေါ့ပါးပါး စကားပြောလို့ရနေပြီ။ မာနလည်း သိပ်မကြီးတော့ပါဘူး၊ (နည်းနည်းတော့ ... ဟီးဟီး)။
ညံ့တဲ့သူဖြစ်ဖြစ် တော်တဲ့သူဖြစ်ဖြစ် ... လူကို လူလို့ ပဲမြင်တတ်နေပါပြီ။ ချောင်းအရိုက်ခံရလောက်အောင်လည်း မလုပ်မိတော့ပါဘူး။

အချစ်ရေး
ကံဆိုးပါတယ်။
မျက်ရည် ဘယ်ညာစုံကျပြီး ခဏလောက်ငိုပါရစေ။
... အဟင့် ... အဟင့် ... ရွှတ် ... (နည်းနည်းတော့ ပေါသွားတယ်ထင်တာပဲ။ ဟီးဟီး)
အကြိမ်ကြိမ်အသည်းကွဲခဲ့ရဖူးတယ်။
အချစ်ရေးမှာက ကိုယ့်တစ်ယောက်တည်း အကြောင်းမဟုတ်ပဲ တခြားသူတွေရဲ့ အကြောင်းလည်းပါနေမှာဆိုတော့၊
အသေးစိတ်ရေးပြဖို့မဖြစ်လို့ မရေးတော့ဘူး။ :P
အသက် (၂၀) အရွယ်မှာ ချစ်ရတာကို ကြောက်တတ်တဲ့စိတ် တော်တော်လေးရှိခဲ့တယ်။
နောက်တော့ ချစ်ဖို့အတွက် သတ္တိအများကြီးလိုတယ်ဆိုတာသိလာတယ်။ သတ္တိမရှိရင် မချစ်နဲ့။ ချစ်ရင် သတ္တိရှိမှဖြစ်မယ်။
သတ္တိရှိတာမဟုတ်ပဲ ရူးမိုက်ပြီး ချစ်တာ၊ မျက်ကန်း တစ္ဆေမကြောက်ချစ်တာတွေလည်း တွေ့ဖူးပါရဲ့။ ...
...
အချစ်ကို အသက်နဲ့ထပ်တူတန်ဖိုးထားတယ်
အချစ်အတွက် သတ္တိအပြည့်ရှိတယ်
အချစ်ကို ကိုးကွယ်တယ်
ဒါဟာ အချစ်နဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ခံယူချက်ပဲ ... (ဟိုက်ရှားပါး ... မိုက်တယ်ကွာ!!!)


အတွေးအခေါ်

ဟား ... တော်တော်ကြီး ကွာသွားပြီ ...
(၁၀) နှစ်အတွင်းဖတ်ခဲ့တဲ့ ဘာသာရေး စာအုပ်တွေ၊ အတွေးအခေါ်စာအုပ်တွေ၊ နိုင်ငံရေးစာအုပ်တွေ ဆိုတာ အတိအကျရေလို့မရနိုင်ဘူး။ (ဘယ်ရေလို့ရမှာလည်း ဖတ်ပြီးတဲ့စာအုပ်စာရင်း သေချာမှ မှတ်မထားတာ)။
(၁၀) အချိန်အတွင်း ကိုယ်တွေ့အတွေ့အကြုံလည်းပါသေးတာကိုး။
တော်တော်ကြီးတိုးတက်လာတယ် ...
ဘာသာရေးဆိုလည်း အမြင် တော်တော်လေး စုံစုံလင်လင် မြင်ကြည့်ဖူးပြီ။
နိုင်ငံရေးဆိုလည်း အမြင်အစုံ မြင်ကြည့်စဉ်းစားကြည့်ဖူးပြီ။
အတွေးအခေါ်ပညာရှင်တွေရဲ့ အတွေးအခေါ်တွေလည်း နည်းနည်းမြည်းကြည့်ဖူးပြီ
(အများကြီးထပ်သိချင်နေသေးတယ် အခု အချိန်မရသေးလို့ - ကျွန်တော့်ဘဝဟာ အချိန်လည်း ဆင်းရဲပေတာပဲ)
သိပ္ပံပညာရပ်နဲ့ ပတ်သက်တာတွေလည်းဖတ်ဖြစ်တယ်။ (စကားမစပ်။ ကမ္ဘာကြီးသည်မလုံးကြောင်း ကမ္ဘာကြီးပြားကြောင်း မြင့်မိုရ်တောင်ကို ကျွန်ကြီးလေးကျွန်းရံထားတဲ့ အကြောင်း သိပ္ပံအချက်အလက်တွေကို ငြင်းချက်ထုတ်ပြီးရေးထားတဲ့ စာအုပ်တစ်အုပ် ဖတ်ဖူးသေးတယ်။ စာအုပ်သက်တမ်းကတော့ တော်တော်ကြာနေပြီ။ ဖတ်ခဲ့ရတာလည်းကြာပြီ။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာဖတ်ခဲ့ရတာ။ အခုနေပြန်ဖတ်ရရင် ပိုရယ်ရမယ်။)
ကိုယ့်ကိုယ်ကိုတော့ ခေတ်မှီတဲ့ အတွေးအခေါ်ရှိတဲ့သူလို့ခံယူထားတယ်။ ဒီအချက်ကတော့ ကိုယ့်ကိုယ်ကို အားအရဆုံးပဲ။

Programming
လိုချင်တာမိဖုရား ညားတော့ဘုရင်မ ဆိုသလိုပဲ ဖြစ်ချင်တာက programmer ဖြစ်နေတာကတော့ instructor။ ဘာလို့များအဲသလိုဖြစ်ရတာလဲ ... အင် ... အဲသလိုဖြစ်အောင်လုပ်လို့ အဲသလိုဖြစ်တာပေါ့။ ( ဒါအမှန်ဆုံးပဲ :D )
အသက် ၂၀ အရွယ်မှာ ရေးတတ်ခဲ့တာ BASIC, C++ နဲ့ FoxPro။
အခု C++, VB6, VB.NET, C#, Java, PHP ရေးတတ်တယ်။
VB.NET ကတော့ အကြိုက်ဆုံးပေါ့။
FoxPro ကို လုံးဝနီးပါးမေ့သွားပြီ။
~~ ဘယ်ဆီကိုမင်းရောက်နေလဲ ... ဘယ်သူနဲ့မင်းရှိနေမယ် ~~ တွေးမိပါတယ် ... စဉ်းစားရင်းနဲ့ ... လွမ်းမောရင်းနဲ့ ~~ ငါသတိရပါတယ် ~~

Chess & Games
Chess အတွက်လည်း ကျွန်တော် အချိန်တော်တော်ကုန်ခဲ့တယ်။
အသက် (၂၀) လောက်တုန်းက Chess မှာ Grand Master အဆင့်လောက်အထိဖြစ်ချင်ခဲ့တယ်။ World Champion နဲ့ ကစားနိုင်တဲ့ အဆင့်မျိုးအထိရောက်ချင်ခဲ့တယ်။ အချိန်ကလည်း ဆင်းရဲတော့ ထင်သလိုမဖြစ်ဖူးပေါ့။ နောက်ပိုင်း Chess Fourm တွေဝင်ဖတ်ကြည့်တော့ တွေ့ပါတယ်။ ဘာတဲ့ "... World Champion နဲ့ ကစားနိုင်တဲ့ အဆင့်မျိုးရောက်ဖို့ ဒေါ်လာ ၅ သိန်း နဲ့ အချိန် ၅ နှစ် ရှိရမယ်တဲ့။ IQ ကလည်း 120 အထက်မှာရှိနေရမယ်။ ကျန်းမာရေးကလည်း ကောင်းနေရမယ်။ ..." တဲ့။ အချိန် ၅ နှစ်ဆိုတာက ... ၅ နှစ်လုံးလုံးဘာမှမလုပ်ပဲ chess ပဲနေ့တိုင်း ကစားနေရမယ်ဆိုတဲ့သဘော။ ဒေါ်လာ ၅ သိန်းကတော့ အဲဒီ ၅ နှစ်အတွင်းမှာ ဘာမှမလုပ်ပဲ နေဖို့ စားဖို့ စားရိတ်နဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ပြိုင်နိုင်ဖို့စားရိတ်။ IQ နဲ့ ကျန်းမားရေး ကအဆင်ပြေတယ်ဆိုပေမယ့် ဒေါ်လာနဲ့ အချိန်ကတော့မပြေဘူး။ နောက်ပိုင်း အသက်ကြီးလာတော့ chess မှာ ရူးသွပ်မှုလျှော့သွားပါတယ်။
အသက် (၂၀) ကနေ (၂၅) လောက်အတွင်းမှာ ဂိမ်းလည်း တော်တော်လေး ဆော့ခဲ့တယ်။
အလုပ်မှာ ပင်ပန်းတယ် စိတ်ရှုပ်တယ်။ အပျင်းပြေဆိုပြီး အလုပ်ဆင်းတိုင်း ဂိမ်းဆိုင်ဝင် ဂိမ်းဝင်ဆော့တယ်။ အဲဒီအချိန်က Counter Strike ပေါ့။
နောက်တစ်ခုက Red Alert 2။ Red Alert 2 က တော့ ကျွန်တော့်ရဲ့ အကျွမ်းကျင်ဆုံး ဂိမ်းပေါ့။
အား ... ဂိမ်းအတွက်နဲ့ အချိန်တွေကုန်ခဲ့ရတယ်။ အခုတော့ နှမြောမိတယ်။ ဟိုတုန်းက ဂိမ်းဆော့နေစဲမှာလည်း အဲဒီ့အသိမျိုးရှိတာပါပဲ။
ဒါပေမယ့် အဲဒီတုန်းက အသိတရားက ဂိမ်းဆော့ချင်စိတ်ကို မလွှမ်းမိုးနိုင်ဘူး။ ဘယ်သူ့ကိုသွားပြီးအပြစ်တင်ရမလဲ။ အဲဒါကိုက လူ့သဘာဝပဲ လို့မှတ်လိုက်ရမလား။ (အဲဒါကြောင့် ကျွန်တော် ကလေးတွေကို သိပ်ပြီးဆုံးမစကား မပြောချင်ဘူး။ )
အခုတော့ ကျွန်တော် ဂိမ်းမဆော့ချင်တော့ပါ။ တကယ်ရင့်ကျက်ပြီ တကယ်လူကြီးဖြစ်ပါပြီလို့လည်း မကြွှေးကြော်ချင်တော့ပါဘူး။
(ဟိုတစ်ရက်ကတော့ သူငယ်ချင်းတစ်ယောက်ဆီသွားရင်း ကြံုလို့ X-Box နဲ့ ဂိမ်းဆော့လိုက်သေးတယ် :D)

ဘလော့ဂ်ရေးတဲ့သူတွေဟာ ရင့်ကျက်ကြရဲ့လား?
ဒန်တန့်တန် ... ဒန်တန့်တန် ... ဒန်တန့် ဒန်တန် (နောက်ခံ တီးလုံး ကလေးလည်းပါမှ မဟုတ်ရင် ဖတ်ရတာ တော်တော်ပျင်းဖို့ကောင်းနေမယ်။)
၉ တန်း နဲ့ ၁၀ တန်း အရွယ်တုန်းကတော့ စာအုပ်နဲ့ ဒိုင်ယာရီ ရေးဖူးတယ်။
၁၀ တန်းဖြေပြီးတဲ့အခါမှာတော့ ဒိုင်ယာရီ ရေးတာ အပိုအလုပ်ပဲ၊ သိပ်ပြီးမရင့်ကျက်သေးတဲ့သူတွေရေးတာပဲဆိုတဲ့ အတွေးအခေါ်မျိုးဝင်လာတယ်။
ဒါနဲ့ပဲ မရေးတော့ဘူး။ ဘလော့ဂ် ဆိုတာလည်း ဒိုင်ယာရီ ရေးတဲ့သဘောမျိုးပဲ။ ... but ... emmm ...
ဒီမေးခွန်းကို ဖြေဖို့ post အသစ်ရေးပြီးဖြေမှပဲဖြစ်တော့မယ်။
တခြား ဘလော့ဂါတွေရဲ့ အမြင်ကိုဖတ်ရလျှင်လည်း ကောင်းမယ်။
review လုပ်မိတာ အများကြီးကျန်သေးတယ်။ ဒါပေမယ့် ... ဒီ Triple X post လည်း နည်းနည်းရှည်နေပြီ ညဉ့်လည်းနက်နေပြီဆိုတော့။
သည်အန်းဒ်။

*****

Wednesday, December 15, 2010

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ password တွေ ပေးထားမလား

ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ password တွေ ပေးထားမလား

ထွန်းဇာနည်။ ။
ပေးမှာပေါ့၊ ကျွန်တော့်အတွက်တော့ သည်မေးခွန်းက မေးစရာမလိုတဲ့ မေးခွန်းလို့တောင်ထင်ပါတယ်။

ဇာနည်ကျော်။ ။
ဘာလို့ပေးရမှာလဲဗျာ မပေးနိုင်ပါဘူး။

ထွန်းဇာနည်။ ။
ချစ်သူဆိုတာ ကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့သူလေ ...
အဲသည်လို ကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားတဲ့သူကို ဘာလို့များ password ကလေး တစ်ခုမပေးနိုင်စရာ ဘာရှိမလဲ။
ကျွန်တော်သာဆို ကျွန်တော့်ချစ်သူကသာ တောင်းပါစေ အသက်ပေးရမယ်ဆိုလည်း ပေးလိုက်မှာပဲ။

ဇာနည်ကျော်။ ။
လုပ်ပြီ ... အသက်ကိုပေးရမယ်ဆိုရင်လည်း ပေးမယ်ဆိုတော့ နည်းနည်း over ဖြစ်သွားပြီ ဟားဟား။

ထွန်းဇာနည်။ ။
မလွန်ပါဘူးဗျာ ကြင်သူသက်ထားဆိုတဲ့ စကားကြားဖူးတယ်မလား။
ကိုယ့်လက်တွဲဖော်ရဲ့ လက်ထဲမှာ ကိုယ့်အသက်ကို ထည့်ထားရတယ်ဆိုတဲ့သဘောမျိုးပဲ။

ဇာနည်ကျော်။ ။
ချစ်သူနဲ့ လက်တွဲဖော်နဲ့ မတူဘူးနော်။ ချစ်သူဘဝဆိုတာ လက်တွဲဖော်အဆင့်မရောက်သေးဘူး။

ထွန်းဇာနည်။ ။
အင်း ဟုတ်ပါတယ် ... ချစ်ကြတယ်ဆိုတာ လက်တွဲဖော်ဖြစ်ကြဖို့ ရည်ရွယ်ပြီးချစ်ကြတာပဲလေ။ အပျင်းပြေ ချစ်တမ်းကစားတဲ့ ချစ်သူမျိုးတွေတော့ ဒီမှာမပြောတော့ဘူးဗျာ။ တကယ်ချစ်ကြတဲ့ သူတွေအကြောင်းကိုပဲပြောရအောင်။

ဇာနည်ကျော်။ ။
ထားပါဗျာ။ privacy ဆိုတာရှိသေးတယ်ဗျ ... ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိတယ်လေ ...
password ကို ပေးထားတော့ ကိုယ့် account တွေကို ကိုယ် ဘယ်မှာ လွတ်လွတ်လပ်လပ်သုံးနိုင်တော့မလဲ

ထွန်းဇာနည်။ ။
လွတ်လပ်ခွင့်တော့ လွတ်လပ်ခွင့်ပေါ့ ကိုယ့်ချစ်သူကို ဘာမဆို ပွင့်ပွင့်လင်းလင်း အသိပေးသင့်တယ်မဟုတ်လား။
ကိုယ်က မဟုတ်တာ မလုပ်ထားရင် ဘာကို မပေးနိုင်စရာရှိတော့မှာလဲ။

ဇာနည်ကျော်။ ။
မဟုတ်တာမလုပ်ဖူးပဲထားပါတော့ တစ်ချို့တွေက သဝန်တိုတာတို့ ချုပ်ချယ်တာတို့ရှိတယ်ဗျ
"ဟိုလူနဲ့မပြောရဘူး"တို့၊ "ဘာလို့ဟိုလိုတွေလုပ်တာလဲ"တို့ နဲ့ မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လိမ့်မယ်
မဟုတ်တာမလုပ်ပေမယ့် လျှို့ဝှက်ထားသင့်တဲ့ ကိစ္စမျိုးလည်းရှိသေးတာပဲ မဟုတ်လား
အဲဒီတော့ မပေးထားသင့်ဘူးလို့ထင်တာပဲ။

ထွန်းဇာနည်။ ။
ဒါလည်း ခံယူချက်နဲ့ဆိုင်နေပြန်တာပဲ :) လျှို့ဝှက်ထားရတာပင်ပန်းပါတယ်။
ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး တိုင်ပင်လို့ရင် ပိုကောင်းတာပေါ့။

ဇာနည်ကျော်။ ။
ချစ်သူဘဝမှာ ဟန်ဆောင်မှုကတော့ အနည်းနဲ့အများ ရှိကြသေးတာပဲ။ မခြွင်းမချန်ပြောမယ့်ပုံရတာ ကိုထွန်းဇာနည် တစ်ယောက်ပဲ အခုမှ တွေ့ဖူးသေးတယ်။ :D
တစ်ချက်ရှိသေးတယ်ဗျ ... ဆိုပါစို့ဗျာ ... အလုပ်ကိစ္စတွေပါနေတဲ့ email password ဆိုပါတော့ဗျာ ပေးမှာလား
အလုပ်ကိစ္စတွေပါနေတော့ အပြင်လူကိုပေးမသိရတဲ့ ကိစ္စမျိုးဖြစ်မယ်ဗျာ။ မပေးသင့်ဘူး မဟုတ်လား။

ထွန်းဇာနည်။ ။
ဒါကတော့ လူနဲ့ဆိုင်သွားပြီ၊ ကျွန်တော့်ချစ်သူကတော့ နားလည်မှုရှိတယ်။ :D အလုပ်ကိစ္စနဲ့ပတ်သက်တာတွေကို ဘာမှလျှောက်လုပ် မှာမဟုတ်ဖူး။ အမှန်တော့ ဘယ်သူမဆို တကယ်ချစ်ရင် နားလည်ပေးတတ်ကြပါတယ်။ ကိုယ့်ချစ်သူကလည်း ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် ကိုယ့်ကိုထိခိုက်စေမယ့် အလုပ်မျိုးဘယ်လုပ်မှာလဲ။

ဇာနည်ကျော်။ ။
နားလည်ပေးတတ်တဲ့သူမျိုးကလည်း ရှာမှရှားမဟုတ်လား၊ မပေးတာပဲကောင်းပါတယ်။
ပြီးတော့ချစ်သူဆိုတာ တစ်ဘဝလုံးလက်တွဲသွားဖို့ သေချာသေးတာမဟုတ်ဖူးလေ။
ကဲ အကြောင်းကြောင်းကြောင့် လမ်းခွဲကြရပါပြီတဲ့၊ ကိုယ့် account ကိုတစ်ခုခုလုပ်သွားရင် ဘယ်လိုလုပ်မလဲ။
အဲလို ဇာတ်လမ်းမျိုးတွေလည်း ကြားဖူးတယ်။ အထူးသဖြင့် မိန်းကလေးတွေဆို ပိုနစ်နာဖို့ရှိတယ်။
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ပေးကို မပေးထားသင့်ပါဘူးဗျာ ... ။

ထွန်းဇာနည်။ ။
မိန်းကလေးနဲ့ ယောက်ျားလေး အတူတူပဲထားပါ။
အဲသလို လမ်းခွဲလိုက်ရလို့ ကိုယ့်ချစ်သူကို (ကိုယ်ချစ်ခဲ့ဖူးသူ ဆိုပါတော့) နစ်နာအောင်လုပ်တယ် ဆိုတာမျိုးက
လုံးဝမလုပ်သင့် မဖြစ်သင့်တာမျိုးပဲ။ တစ်ယောက်ယောက်ဖက်က တမင်ရည်ရွယ်ပြီး နစ်နာအောင်လုပ်တယ်ဆိုရင်တော့ ဘယ်တတ်နိုင်မလဲ။ နှစ်ယောက်သားအဆင်မပြေကြလို့ လမ်းခွဲကြရတယ် ဆိုလည်း ပြေပြေလည်လည်ပဲ လမ်းခွဲသွားလို့ရပါတယ်။
ပြောလာတာနည်းနည်း များသွားပြီ။
ကျွန်တော်တို့ အခုစဉ်းစားနေတဲ့ ကိစ္စကိုက ခံယူချက်နဲ့ဆိုင်တဲ့ ကိစ္စဆိုတော့ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် အပြတ်ပြောလို့ မရဘူး။ ကိုယ့်ခံယူချက် ကိုယ့်ယုံကြည့်ချက် နဲ့ ကိုယ်ပဲပေါ့။
ကျွန်တော်ခံယူချက်ကတော့ ကျွန်တော့်ချစ်သူကို password ပေးထားမယ်။ မပေးထားတာတို့၊ မပေးထားရဲတာတို့ ဆိုတာတွေဟာ မချစ်လို့ပဲ။ :D

ဇာနည်ကျော်။ ။
မပြောတော့ဘူး ...

*** *** *** ***

Thursday, September 2, 2010

သရဲခြောက်သောဟိုတယ် တဲ့

သရဲခြောက်သောဟိုတယ် တဲ့

ကျွန်တော်ကရန်ကုန်မှာ နေတာပါ။ မန္တလေး-ပြင်ဦးလွင်ကြားမှာရှိတဲ့ ရတနာပုံ နည်းပညာမြို့သစ်ကို အလုပ်ကိစ္စနဲ့ အပတ်တိုင်းသွားရတယ်။ တနင်္ဂနွေနေ့ ညနေဆို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကနေ ပြင်ဦးလွင်သွားမယ့် express နဲ့ လိုက်ရပြီ။ အင်္ဂါနေ့ဆို ပြင်ဦးလွင်ကနေရန်ကုန် ပြန်တဲ့ express နဲ့ရန်ကုန်ပြန်တယ်။ ရန်ကုန်မှာကလည်း အလုပ်ရှိသေးတာကိုး။ (ဘာအလုပ်လုပ်လဲလို့တော့ မပြောတော့ပါဘူး။ သိချင်ရင် နောက်ကနေလိုက်ကြည့်ကြပါ) :) အဲသည်လို သွားလိုက်ပြန်လိုက်နဲ့ (၈)လကျော်လောက်ရှိပြီ။ အကြိမ်နဲ့တွက်ရင် အကြိမ် (၄၀) နီးပါးပေါ့ (ကြံုတုန်းကြွားတာ :P)။ ကားဂိတ်က ကားဆရာတွေဆို ကျွန်တော့်နာမည် သိနေတဲ့အထိပေါ့။

ပြင်ဦးလွင်၊ ပြင်ဦးလွင်၊ ပြင်ဦးလွင်။ ပြင်ဦးလွင်မြို့အကြောင်းတော့ ဘာမှ အများကြီးမပြောတော့ပါဘူး။ နာမည်ကျော်မြို့ဆိုတော့ သိကြပြီးသားဖြစ်မှာပါ။ ပြောပြရမယ်ဆိုရင်လည်း ပြင်ဦးလွင်မြို့အကြောင်း ကျွန်တော်က ဘာမှတော့သိပ်မသိဘူး :D။ ပြင်ဦးလွင်မြို့သည် အရှေ့လောင်ဂျီကျူ့ ဘယ်လောက် ဒီဂရီ ဘယ်လောက် မိနစ် နှင့် မြောက်လတ္တီကျူ့ ဘယ်လောက်ဒီဂရီ ဘယ်လောက်မိနစ် အကြား၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းဘယ်လောက်တွင် ရှိပါသည် ဆိုတာမျိုးသိချင်ရင်တော့ ပြင်ဦးလွင်မြို့အကြောင်းရေးထားတဲ့ စာအုပ်တွေမှာရှာဖတ်ကြပါလို့ ပြောချင်ပါတယ်။ အင်တာနက် မှာရှာလိုက်ရင်လည်း ရလောက်ပါတယ်။ ကျွန်တော့ blog ကို အဲသည်လို fact မျိုးတွေနဲ့ လေးပြီးတော့ မနေစေချင်လို့ပါ။ (ရုပ်တည်နဲ့ ပြောတာနော် ဒါက :P)

ဟုတ်ကဲ့ ဆက်ပြီးပြောရရင် အဲသည့် ပြင်ဦးလွင်မြို့ပေါ့ဗျာ။ အေးအေးချမ်းချမ်းရှိပါတယ်။ ကျွန်တော်လည်း သဘောကျပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ရောက်ဖူးကာစ ကတည်းက သူများတွေပြောလို့ ကြားနေတာတစ်ခုတော့ရှိတယ်။ သရဲခြောက်တယ်ဆိုတဲ့ ဟိုတယ်တဲ့။ အစကတော့ နားထောင်ထားလိုက်ရုံပါပဲ။ နောက်တစ်ပတ် နှစ်ပတ်လောက်ကြာတော့ ထပ်ကြားရပြန်ရော။ သည်တစ်ခေါက်ကျတော့ ပြောတဲ့သူကနောက်တစ်ယောက်။
"အဲသည့်ဟိုတယ်က သရဲခြောက်တယ်လေ"
"အဲသည့်ဟိုတယ်ပေါ့ သရဲခြောက်တယ်ဆိုတာ"
"ဟာ အဲဒီဟိုတယ်က နာမည်ကြီးပဲလေ သရဲခြောက်တယ်တဲ့"
အဲသည်လို့နဲ့ ဟိုလူပြော သည်လူပြော ပြောပြောနေကြလေတော့။ ဟုတ်ပြီဗျာ အဲသည့် သရဲခြောက်တဲ့ ဟိုတယ်ကို ကျွန်တော်သွားတည်းမယ်ဆိုပြီး တွေးထားလိုက်မိတယ်။ တော်တော်နဲ့တော့ မသွားဖြစ်သေးဘူး။ သွားတည်းဖြစ်တော့လည်း ...

လပြည့်ည ...
ည (၈) နာရီလောက် ...
သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် ...
ဟိုတယ် reception ...
receptionist နဲ့ စကားပြောဆိုပြီး မှတ်ပုံတင်တွေပေးပြီး တည်းရမယ့် အဆောင်ဘက်ကိုထွက်ခဲ့တယ်။
ကျွန်တော်တို့နှစ်ယောက်ကို အသက် (၅၀) ဝန်းကျင် အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်ပြီးခေါ်သွားတာပါ။
ဟိုတယ်ဝင်းကြီးကတော်တော်ကျယ်ပါတယ် ခြံစည်းရိုးပတ်ပတ်လည်လောက်မှာ သစ်ပင်အကြီးကြီးတွေ အပြည့်ရှိပါတယ်။
သည်ဟိုတယ်ကို သည်ညမှ စရောက်ဖူးတာပါ။ ခြံဝင်းထဲမှာ မီးပျက်နေတာလား မီးမထွန်းထားတာလားတော့မသိဘူး မှောင်တော့မှောင်နေပါတယ်။
လပြည့်ညမို့ နည်းနည်းတော့မြင်ရပါတယ်။ အင်း ... ဒါပေမယ့် မိုးတွင်းမို့ မိုးနည်းနည်းအုံ့နေတယ်။ လကကောင်းကောင်းမသာနိုင်ဘူး။ ဟုတ်ပါ့။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်မည်းမည်းတွေကြားမှာ လရိပ်က ဝိုးတိုးဝါးတားနဲ့။

အဆောင်တစ်ခုလုံး တည်းခိုမယ့်သူ တစ်ယောက်မှရှိမနေပါဘူး။ ရှေးဟောင်းနှစ်ထပ်အိမ် အဆောင်ကြီးပါ။ သစ်သားလှေကားကြီးပေါ် တဒုန်းဒုန်းလျှောက်ရင်း တက်ခဲ့ရပါတယ်။ အထဲမှာတော့ မီးရောင်က မလင်းချင်လင်းချင်။ မီးအားနည်းနေသလား မီးသီးတွေပဲ သိပ်မကောင်းတော့သလားမသိဘူး။ အပေါ်ထပ်အခန်းယူပါဆိုပြီး ကျွန်တော်တို့ကို အပေါ်ထပ်အခန်းလိုက်ပို့ပါတယ်။ အနေအထားကတော့ ဟုတ်နေပြီ။ သရဲခြောက်လို့ကောင်းလိုက်မယ့် အနေအထားပဲ။ လိုက်ပို့တဲ့ အမျိုးသမီးကြီးက ကျွန်တော်တို့ကို မှာစရာရှိတာလေးတွေမှာပါတယ်။ အခန်းထဲမှာတော့ မဆိုးပါဘူး။ အခန်းက ကျယ်တာတော့ အကျယ်ကြီးပဲ။ ကျွန်တော်တို့လည်း ပစ္စည်းတွေထားခဲ့ပြီး ညစာစားဖို့အတွက် ပြင်ဦးလွင်မြို့ထဲကို ခဏပြန်ထွက်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ထဲမှာ ညစာစားတယ်။ ကော်ဖီဆိုင်ထိုင်တယ်။ (၁၀) နာရီတောင်ထိုးတော့မယ်။ မြင်းလှည်းတွေ၊ ဆိုင်ကယ် တက္ကစီတွေလည်း ရှာမတွေ့တော့လေတော့ စကားတပြောပြောနဲ့ လမ်းလျှောက်ရင်းပဲ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်။ ဟိုတယ် အဝင်မှာ ဓာတ်ပုံရိုက်လိုက်ကြသေးတယ်။ ဒီည သရဲနဲ့တွေ့ရင် ဓာတ်ပုံရိုက်မှာ၊ အင်တာဗျူးလို့ရရင် သရဲကို အင်တာဗျူးပါလုပ်ဦးမှာ လို့ကြံုးဝါးထားတာပါ။ ပြီးရင် ကျွန်တော််က blog ရေးဖို့စိတ်ကူးရှိထားပြီးသားလေ။

အင်း အခန်းထဲပြန်ရောက်တော့ နည်းနည်းပင်ပန်းနေပြီ။ ရေတောင်မချိုးနိုင်တော့ပါဘူး။ သွားတိုက် မျက်နှာသစ်ပြီး။ အိပ်ယာပေါ်မှာပဲ လှဲနေလိုက်တော့ပါတယ်။ ဘုရားလည်း မရှိခိုးတော့ပါဘူး တော်ကြာ သရဲ မလာနိုင်ဖြစ်သွားဦမယ်။ တရားစာတွေ ဘာတွေလည်း မရွတ်တော့ပါဘူး။ ခပ်ညံ့ညံ့ TV အစီအစဉ် တွေကြည့်ရင်း ဒီလိုပဲနေ နေလိုက်ပါတယ်။ ဘာသရဲမှ မလာသေးဘူး။ သရဲမလာနိုင်တဲ့ အဆောင်တွေလက်ဖွဲ့တွေများ ပါနေသလားလို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့လည်း ဘာမှဆောင်ထားတာမရှိဘူး။ ဆောင် ထားတာဆိုလို့ ဖုန်းထဲမှာ ထည့်ထားတဲ့ ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်မလေးရဲ့ ပုံပဲရှိတယ်။ သတိတရနဲ့တောင် ကြည့်လိုက်မိသေးတယ်။ :P မနက်လည်း (၇) နာရီလောက်သွားရမှာမို့ ဖုန်းနဲ့ပဲ alarm ပေးလို့ အိပ်လိုက်ပါတယ်။

မနက်မိုးလင်းတော့ နှိုးစက်သံကြားလို့နိုးလာပါတယ်။ အင်း ... ဘာသရဲမှလည်း အခြောက်မခံရပါလား။ သရဲဇာတ်လမ်းတွေ တော်တော်များများက အတုတစ်ထောင် အယောင်တစ်သိန်းတွေထဲကပဲ ဖြစ်ရမယ်။ ရေချိုး၊ မနက်စာစားပြီး လာကြိုမယ့်ကားကို ဧည့်ခန်းမှာစောင့်ကြပါတယ်။ မနက် ၉ နာရီလောက် ကားလာကြိုတော့ သရဲခြောက်တဲ့ ဟိုတယ်ကို နှုတ်ဆက်လို့ ပြန်ခဲ့ပါတယ်။

Monday, July 12, 2010

ရူးစေသတည်း...

ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။
ကျွန်တော့်အချစ်တွေက သူ့အတွက်မလိုအပ်တော့ဘူးတဲ့။
သူ့မှာ သိပ်ချစ်ရတဲ့ချစ်သူ ရှိတယ်တဲ့။
သူပြောတဲ့ စကားတွေက ကျွန်တော့်အသည်းကို ဓားနဲ့မွှမ်းသလိုပါပဲ။
ဖြူဖြူစင်စင်ပဲ ချစ်ပါတော့တဲ့။
ကျွန်တော့် အချစ်က အစကတည်းက ဖြူစင်ပြီးသားပါ။
ကျွန်တော့်အချစ်တွေ အလကားဖြစ်ရတယ်။
ရင်ထဲမှာ မကောင်းလိုက်တာ။
ကျွန်တော်နာကျင်ရတာ ကျွန်တော်သာအသိဆုံးပါ။
ကျွန်တော့်အချစ်တွေကို သူက မလိုအပ်တော့ဘူးဆိုတော့ သူ့ကိုမုန်းကြည့်ဖို့ စဉ်စားမိတယ်။
မုန်းကြည့်မိတယ်။
မရဘူး။
ဘယ်လိုလုပ်ရမလဲ။
သူ့အပြစ်တွေရှာပြီး မုန်းပစ်ရမယ်။
ဒုက္ခပါပဲ သူ့ကိုစတွေ့ခဲ့၊ စချစ်ခဲ့တဲ့ အချိန်ကစလို့ ဘယ်လိုအပြစ်မျိုး မှသူ့မှာမရှိခဲ့ဘူး။
သူက အရမ်းဖြူစင်တယ်။
မုန်းဖို့ကြိုးစားလေ ပိုနာကျင်လေပါပဲ။
သူ့ကိုချစ်လျှက်နဲ့ နာကျင်ရတာက သက်သာသေးတယ်။
အချစ်တွေက ထုံဆေးဖြစ်နေလို့များလား။
သူ့ကိုချစ်တဲ့ အချစ်တွေက အသွေးအသားတွေထဲ စိမ့်ဝင်ပြီးနှင့်နေပြီ။
ကျွန်တော့် အသွေးအသားတွေ အကုန်လုံးကလည်း သူ့ကိုချစ်နေကြပြီ။
သူ့ကို မုန်းပစ်ဖို့ အသွေးအသားတွေက လည်းလက်မခံဘူး။
သူကလည်း ကျွန်တော့်အချစ်ကို မလိုအပ်တော့ဘူး။
ဘယ်လိုလုပ်ရမလဲ။
ကျွန်တော် ရူးတော့မယ်။
အင်း ... ဟုတ်ပါတယ် ကျွန်တော်ရူးသွားတာပဲ ကောင်းလိမ့်မယ်။

Tuesday, June 29, 2010

Interview of Me

မေး။ ။
ကိုထွန်းဇာနည်ကျော် အနေနဲ့ ဘာလို့များ သူများ Gtalk က custom message တွေကိုယူပြီး blog မှာ ရေးသလဲ ဆိုတာသိချင်ပါတယ်ရှင်။
ဖြေ။ ။
ဖြေရရင်တော့ ဒီလိုရှိပါတယ်။ Custom message ရေးတဲ့သူတွေကိုလည်း ပြန်မေးကြည့်ချင်တယ်။
ဘာလို့များ Custom message ရေးတာလဲပေါ့။
ဘာလို့လဲဆိုတော့ တချို့က သူတို့စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းကိုရေးကြတယ်။
တချို့လည်း အပျော်ရေးတယ်။ များသောအားဖြင့်ကတော့ အပျော်သဘောနဲ့ ရေးတာများပါတယ်။
အဲသည်တော့ အပျော်သဘောရေးထားတဲ့ Custom message တွေကို ကျွန်တော်ကလည်း အပျော်သက်သက် ကူးရေးထားလိုက်တာပါ။

အခုဖတ်ရတာကတော့ online ပေါ်က e-Journal တစ်စောင်ဖြစ်တဲ့ hydy journal မှ reporter မယွန်းနဒီစံဝင့် က ကျွန်တော့်ကို သည် blog နှင့်ပတ်သက်ပြီး interview ထားတာပဲဖြစ်ပါတယ်။ နေရာကတော့ ဘားလမ်း Mr Brown ဆိုင်မှာပါ။ ဆက်လက်ဖတ်ရှုပေးကြပါ။

မေး။ ။
ဖတ်တဲ့သူတွေ အနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေရမလဲပေါ့နော်။ အဲဒါလည်း သိချင်ပါတယ်ရှင်။
ဖြေ။ ။
ဖတ်ကြည့်ပြီးတော့ နည်းနည်းရယ်ရတယ်၊ အပျင်းပြေတယ်ဆိုရင်ပဲ တန်ပါပြီ။

မေး။ ။
Custom message တွေရဲ့ အကြောင်းအရာနဲ့ အမျိုးအစားလေးတွေ အကြောင်းနည်းနည်းပြောပေးလို့ ရမလားမသိဘူးနော်။
ဖြေ။ ။
အကြောင်းအရာကတော့ အစုံပဲ။ Category နဲ့ခွဲပြီးရေးဖို့ စဉ်းစားမိပါသေးတယ်။
ဒါပေမယ့် Random ထားတာကပဲ ရသမျိုးစုံပေးနိုင်မယ်ထင်လို့ Category မခွဲထားတော့တာပါ။
တချို့ Custom message တွေက ကျော်ကြားတဲ့ စကားပုံတွေ၊ quote တွေပေါ့နော်၊ တချို့ကျတော့ အချစ်အကြောင်းပေါ့၊ တချို့ကျတော့ ပေါက်ကရ လျှောက်ရေးထားတာမျိုးတွေပါ။

မေး။ ။
ကိုထွန်းဇာနည်ကျော်ရဲ့ အကြိုက်ဆုံး Custom message တစ်ခုလောက်ပြောပြပေးပါလား။
ဖြေ။ ။
အကြိုက်ဆုံး ဆိုပြီးတော့ ပြောလို့တော့မရဘူးပေါ့။ Message တွေက တစ်ခုနဲ့တစ်ခု Category ချင်း၊ အဓိပ္ပါယ်ချင်းမှ မတူတာ။ ရွေးပေးရမယ်ဆိုရင်တော့ ... "အသက်သာ အသေခံသွားမယ် သူကလွဲလို့ ဘယ်သူ့မှ ထပ်မချစ်တော့ဘူး"

မေး။ ။
ဟုတ်ကဲ့ စောစောတုန်းက ကိုထွန်းဇာနည်ကျော်လည်း ပြောသွားတယ်ပေါ့နော်၊ ကိုထွန်းဇာနည်ကျော်ရဲ့ blog မှာ ပေါက်ကရ Custom message တွေလည်းပါနေတယ်ပေါ့နော်။ အဲသည်လို ပေါက်ကရ Custom message တွေများနေတဲ့ ကိုထွန်းဇာနည်ကျော်ရဲ့ blog ကို ပေါက်ကရ blog လို့ များခေါ်မယ်ဆိုရင် ... ဘယ်လိုသဘောထားမလဲ ပေါ့နော်။ အဲဒါလေး ဖြေပေးနိုင်မလား မသိဘူးရှင့်။
ဖြေ။ ။
ဗျာ ... အဲသည်လိုတော့ မဟုတ်ဖူးပေါ့ဗျာ ... အပျော်သဘောလည်းဖြစ်အောင်ရေးတာဆိုတော့ ...

မေး။ ။
စောစောကဖြေထားခဲ့တာပေါ့နော်... "အပျင်းပြေရင်ပဲ တန်ပါပြီ" ဆိိုုပြီးပေါ့နော်။ ကိုထွန်းဇာနည်ကျော် အနေနဲ့ အရည်မရ အဖတ်မရ အလုပ်ကို လုပ်နေတယ်လို့တော့ မပြောနိုင်ဘူးပေါ့နော်။ ပြောနိုင်မလားလို့လည်း ဆိုနိုင်မလားပေါ့နော်။ အဲဒါလေးလည်း ပြောပေးပါဦး။
ဖြေ။ ။
အရည်မရ အဖတ်မရ လို့တော့မဆိုချင်ဘူးဗျာ ... ကျွန်တော်ကိုယ်တိုင်လည်း အားတဲ့အချိန်လေးတွေကျမှ ရေးဖြစ်တာ။ တစ်နှစ်လုံးနေမှ post ဘယ်လောက်မှ မရှိဘူး။ :(

မေး။ ။
အစ်ကို interview ကိုနည်းနည်း ကောင်းကောင်းလေးဖြေပေးပါနော် ... နောက်မေးချင်တာတစ်ခုက ...
အခုလိုပေါ့နော် သူများ Custom message တွေကို copy ကူးပြီး Blog ထဲမှာ ပြန်ကူးရေးတာမျိုးကို တချို့က ပေါတောတော ကြောင်တောင်တောင်နိုင်တဲ့ အလုပ်လို့ထင်ကြတယ်ပေါ့နော်။ ကိုထွန်းဇာနည်ကျော် ကိုယ်တိုင်ရော အဲသည်လိုမျိုး ယူဆပါလား။
ဖြေ။ ။
ဘာ ... ဘာတွေလာမေးနေတာလဲ ... လူကိုများ ပေါသလေး ကြောင်သလေးနဲ့ ...
တော်တော့ တော်တော့ ... သွားတော့ အခုချက်ချင်းသွားလိုက်တော့ ...

hydy journal မှ reporter မယွန်းနဒီစံဝင့် လည်းထိတ်ထိတ်လန့်လန့်ဖြစ်ပြီး သူ့လွယ်အိတ်နဲ့ recorder ကိုဆွဲပြီး ပြေးအထွက် ... ကျွန်တော်လည်း အိပ်မက်မှ နိုးသွားပါတယ်။ တော်သေးလို့ ... :D

Monday, May 3, 2010

love comes frist တဲ့

ထွန်းဇာနည်။ ။
love comes frist တဲ့ ... အချစ်က အရင်လာတယ်
ဆိုချင်တာက အချစ်ဆိုတဲ့ အရာရှိနှင့်ပြီးမှ wealth တို့ success တို့ ကလိုက်လာတာ ...

ဇာနည်ကျော်။ ။
အချစ်ဆိုတာ သူ့ချည်းပဲရှိတာမျိုးမဟုတ်ဖူး တခြားပါဝင်ပစ္စည်းတွေပါရှိနေမှ ပြည့်စုံတာမျိုး ...
အမှန်ကတော့ love comes first ဆိုတာ wealth တို့ success တို့ မရှိသေးတဲ့ လူတွေက မြူဆွယ်တဲ့ စကားပါ
အချစ်တစ်မျိုးတည်းနဲ့ ဘာမှလုပ်လို့မှ မရတာ wealth တို့ success တို့ ရှိပြီးနှင့်တဲ့အခါ အချစ်ကိုဖန်တီးဖို့ အရမ်းလွယ်သွားပြီပေါ့

ထွန်းဇာနည်။ ။
ဟုတ်ပါပြီဗျာ ... wealth တွေ success တွေနဲ့ အချစ်ကို ဖန်တီးထားလိုက်ပြီဆိုပါတော့ မတည်မြဲတဲ့ သဘော အရ
wealth တွေ success တွေ သာပျက်စီးသွားခဲ့ရင် အဲဒါတွေနဲ့ ဖန်တီးထားတဲ့ အချစ်ဆိုတဲ့အရာကရော ဘာဖြစ်သွားမတဲ့လဲ
research တစ်ခုထဲမှာဖတ်ရတဲ့ အတိုင်းဆိုရင် ထင်သလိုဖြစ်မလာတဲ့ အိမ်ထောင်ရေးက 80% လောက်ရှိတယ်တဲ့
wealth တို့ success တို့ ရှိနှင့်ပြီးသားလူတွေက အချစ်ကို သိပ်တန်ဖိုးမထားကြတာများတယ်
သူတို့ရဲ့အချစ်ဟာလဲ ခိုင်မာတဲ့အချစ်မျိုးဖြစ်ပါ့မလားဆိုတာ သံသယဖြစ်စရာပါပဲ ...
တစ်ခုစဉ်းစားကြည့်ရအောင်ဗျာ
ကိုယ့်ကိုချစ်တဲ့အခါ ဘယ်လိုလူမျိုးကလာချစ်စေချင်လဲ ဘယ်လိုအချစ်မျိုးနဲ့ အချစ်ခံချင်သလဲ
ကိုယ်ရဲ့ ဘယ်အရည်အချင်းကြောင့် အချစ်ခံရချင်သလဲ wealth တွေ success တွေ ကြောင့် အချစ်ခံရချင်သလား
ကိုယ့်ရဲ့ အလှအပကြောင့် အချစ်ခံရချင်သလား
ကိုယ်ကိုယ်တိုင်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေလို့ အချစ်ခံရတာမျိုးပဲဖြစ်သင့်တယ်
ကိုယ်ကချစ်ရမယ်ဆိုရင်လည်း သူကိုယ်တိုင်ဟာ သူကိုယ်တိုင်ဖြစ်နေလို့ပဲ ချစ်သင့်တယ်

ဇာနည်ကျော်။ ။
ဟားဟားဟား ... အချစ်အကြောင်း အခုလိုရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေရတာကိုကလွန်လှပြီ
ကိုယ့်ကိုချစ်သလား မချစ်သလား ဘယ်လိုသိမှာမို့လို့လဲ
အဲသည်လို ဘာမှ မရေရာမသေချာတာကို လိုက်စဉ်းစားပြီး အူလှိုက်သည်းလှိုက်ခံစား တဲ့သူတွေကတော့ရူးမှာပဲ
ချစ်သူကထားခဲ့လို့ အသည်းကွဲရတယ်ဆိုတာမျိုးကလည်း ရယ်စရာပဲ
အဲသည်တော့ အချစ်ကို ဇိမ်ခံပစ္စည်း တစ်ခုလို့မြင်တာကမှ ပိုပြီး သဘာဝကျမယ်
wealth နဲ့ success သာရှိကြည့် အချစ်ဆိုတာ စိတ်သာယာဖို့အတွက် ဖြည့်ဆည်းပေးနိုင်တဲ့ အရာတစ်ခုပဲ အဲသည်ထက်မပိုဘူး

ထွန်းဇာနည်။ ။
ထားပါ ... မချစ်တတ်တဲ့သူက အချစ်ကိုတန်ဖိုးမထားဘူး ချစ်တတ်တဲ့သူကပဲ အချစ်ကိုတန်ဖိုးထားတာ
ဘာမှမစဉ်းစားဘူး ရင်ထဲမှာ ချစ်တဲ့စိတ်ဖြစ်လာရင် ချစ်လိုက်တယ် အချစ်ကလွဲရင်ဘာမှ စဉ်းစားစရာမလိုဘူး
မချစ်တတ်တဲ့သူဟာ နောက်ဆုံးမှာ အထီးကျန်ဖြစ်ပြီးတော့ပဲ နေရလိမ့်မယ်

ဇာနည်ကျော်။ ။
wealth နဲ့ success ရှိနေတဲ့သူတွေဟာ သူတို့နားမှာ နေချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေလို့ ဘယ်မှာလာပြီး အထီးကျန်ဖြစ်မှာလဲ

ထွန်းဇာနည်။ ။
ပြောသားပဲ ... wealth နဲ့ success သာ မမြဲခြင်းသဘောအရ ပျက်သွားကြည့်ပါလား ... ဘယ်လိုဖြစ်မယ်လို့ထင်လဲ

ဇာနည်ကျော်။ ။
love တစ်ခုတည်းကြောင့် အရာရာပြည့်စုံနေတဲ့သူရော တွေ့ဖူးလို့လား

ထွန်းဇာနည်။ ။
အဲဒါကြောင့် love comes first လို့ပြောတာပေါ့ ... အချစ်တစ်ခုတည်းနဲ့ တော့ အရာရာမပြည့်စုံသေးဘူး
အချစ်ရှိနှင့်ပြီးရင်တော့ ကျန်တာတွေ လိုက်လာတော့မှာ ...
အဓိက ကတော့ ဘယ်သူမဆို ကိုယ့်ချစ်သူကို ရွှေဘုံပေါ်မှာ ထားချင်ကြတာချည်းပဲလေ
တကယ်ချစ်တတ်ဖို့တော့လိုမယ် ...

ဇာနည်ကျော်။ ။
ဟားဟားဟား ... ရယ်ရပြန်ပြီ ... wealth နဲ့ success ရဖို့ထက် တကယ်ချစ်တတ်ဖို့က အဆ ၁၀၀ လောက် ပိုခက်မယ်ထင်တယ်
အဲသည်တော့ဗျာ wealth နဲ့ success ရှိပြီးမှ ပဲ love ကိုရှာသင့်တယ်လို့ပဲ သတ်မှတ်ချင်တယ်
love တစ်ခုတည်းရှိနှင့်ပြီး wealth နဲ့ success မရှိတဲ့ အဖြစ်ဟာ တော်တော်ခံရခက်မယ့်အဖြစ်ပဲ
wealth နဲ့ success ရှိနှင့်ပြီး love မရှိသေးတာက ဒီလောက်မဆိုး သေးဘူး

ထွန်းဇာနည်။ ။
အဆ ၁၀၀ လားဗျ ... မှန်သင့်သလောက်မှန်တယ်
အချစ်စစ် တစ်ခုကိုရဖို့က wealth နဲ့ success ရဖို့ထက် အဆ ၁၀၀ ပိုခက်တယ်ဆိုမှ မှန်တယ်လို့ဆိုနိုင်မှာ
ဘာပဲပြောပြော ကျွန်တော်ကတော့ အချစ်ပဲ အရင်ရချင်တယ်

ဇာနည်ကျော်။ ။
wealth နဲ့ success ရှိနှင့်ပြီးသူလည်း true love ကို ရနိုင်တာပဲ မဟုတ်လား ...
wealth နဲ့ success ရအောင်ပဲ အရင်ကြိုးစားမယ် ...

အင်း နောက်မှပဲ အချစ်စစ် အကြောင်းဆက်ပြောကြတာပေါ့ ...