Monday, September 30, 2019

ရတနာပုံ အမ်စီစီ အမှတ်တရ၊ ဘူးသီးကြော်စစ်စစ် နှင့် ကျွန်တော်

ရတနာပုံ အမ်စီစီ(MCC) မှာစာသွားသင်‌‌ပေးတုန်းကပေါ့။ အဲဒီတုန်းက တစ်ပတ်မှာ နှစ်ရက်သွားသင်ပေးရတယ်။ မနက်အစောကြီး အဝေးပြေးကားနဲ့ရောက်၊ တစ်နေကုန်နီးပါး စာသင်၊ ပြီးရင် ပြင်ဦးလွင်မြို့ပေါ်တက် စခန်းသာမှာ ညအိပ်။ နောက်နေ့မနက် ပြင်ဦးလွင်မြို့ပေါ်ကနေ ရတနာပုံ အမ်စီစီ ကိုပြန်ဆင်းလာ။ တစ်နေကုန်နီးပါးစာသင်။ ညနေအဝေးပြေးကားနဲ့ ရန်ကုန်ပြန်။ 

တစ်ရက်ကျတော့ မြို့ပေါ်မတက်ဖြစ်တော့ဘူး။ ကျောင်းသားတွေ assignment တင်ရမှာ နီးနေတဲ့အချိန်မို့လို့၊ သူတို့မရတာတွေ ပြောပြပေးလို့ရအောင်၊ ရတနာပုံ အမ်စီစီ အဆောင်မှာပဲ အိပ်ဖို့ဖြစ်လာတယ်။ အဲဒါနဲ့ ညနေထမင်းစားချိန် အဆောင်ကကျွေးတဲ့ ထမင်းလည်း မစားချင်တာနဲ့ လမ်းထိပ်သွားမယ် ဘယ်သူလိုက်မလဲလို့ခေါ်တော့၊ အဆောင်မှာနေတဲ့ ဆရာ ဆရာမတွေ လိုက်ခဲ့ကြတယ်။ အားလုံး လေးငါးယောက်လောက်ရှိမယ်။ ဘယ်သူတွေလည်းတော့ အတိအကျမမှတ်မိတော့ဘူး။ လမ်းထိပ်ဆိုတာ ရတနာပုံ ဆိုင်ဘာစီးတီးအဝင်လမ်းထိပ် မန္တလေး ပြင်ဦးလွင် လမ်းပေါ်ကိုပြောကြတာ။



အဲဒါနဲ့ပဲ လမ်းထိပ်က ထမင်းဆိုင်+လက်ဖက်ရည်ဆိုင်လေးမှာ ရှမ်းခေါက်ဆွဲတို့ဘာတို့စားတဲ့ စားတဲ့လူကလည်းစားကြပေါ့။ ပြီးတော့ ဘေးကအကြော်ဆိုင်က အ‌ကြော်စုံတစ်ပွဲ မှာစားကြတယ်။ ထူးထူးခြားခြား ဘူးသီးကြော်က တော်တော်ကောင်းတယ်။ ဘူးသီးအသားလည်း များတယ်။ အဲဒါနဲ့ ကျွန်တော်က ဆရာမတစ်ယောက်ကိုတောင် ပြောမိတယ်။ "ဆရာမ ဘူးသီးကြော်က တော်တော်ကောင်းတယ်နော်။ ဘူးသီးအသားလည်း အများကြီးပဲ။ ရန်ကုန်မှာဆို ဘူးသီးအသားက ပါးပါးလေးနဲ့ ဆန်နှစ်ကြော်ဖြစ်နေတာ။ ဒါမျိုးမှ ဘူးသီးကြော်စစ်စစ်"။ အဲဒီဆရာမကလည်း "အေးဟဲ့... အဲဒါဆို နောက်တစ်ပွဲထပ်မှာချည်" ဆိုပြီးပြန်ပြောတယ်။

အကြော်ဆိုင်ကို "အမ‌ရေ အကြော်လေးတစ်ပွဲထပ်ပေးပါဦး၊ ဘူးသီးကြော်များများထည့်ပေးပါ" ဆိုပြီးလှမ်းမှာလိုက်တာပေါ့။ အကြော်ဆိုင်ကလည်း ချက်ချင်းတော့ ဘာမှပြန်မပြောသေးဘူး။ ခဏနေမှ "... အကြော်က ဘူးသီးကြော်မဟုတ်ဘူး ... အဲဒါဂေါ်ရခါးသီးကို ကြော်ထားတာ ..." ဆိုပြီး အကြော်တွေလာချပေးတယ်။ ကျွန်တော်မှာ သောက်နေတဲ့ ရေနွေးတောင် သီးမလိုဖြစ်ပြီး "ဟမ်" တစ်လုံးပဲပြောနိုင်တယ်။ ကျန်တဲ့သူတွေကလည်း ခွိခွိနဲ့ရယ်တဲ့သူကရယ် ဟဟနဲ့ရယ်တဲ့သူကရယ်နဲ့ပေါ့။ ကျွန်တော်ကတော့ "ဘူးသီးအသားက အများကြီး ဘူးသီးကြော်စစ်စစ် ဘာညာ" လျောက်ပြောနေပြီး တကယ်ကျတော့ ဂေါ်ရခါးသီးဖြစ်နေတယ်။ "ကိုယ်စီးတဲ့မြင်း" စကားပုံကို "ကိုယ်စားတဲ့အကြော် ဘူးသီးမှန်းမသိ ဂေါ်ရခါးသီးမှန်းမသိ" ဆိုပြီးပြောင်းရမလိုကိုဖြစ်တာပဲ။ 

ရတနာပုံ MCC က အမှတ်တရလေးတစ်ခုပါ။
တီဇက်ကေ