မနေ့က တနင်္ဂနွေနေ့။ နေ့လည်စာစားဖို့ အိမ်ကနေထွက်တယ်။ အိမ်နားက ဘတ်စကားဂိတ်မှာ ကားရပ်စောင့်တယ်။ အနားမှာ ကောင်မလေးနှစ်ယောက်လည်း ကားဂိတ်ရောက်လာတာတွေ့တယ်။ သေချာသတိမထားမိဘူး ကိုယ့်အာရုံနဲ့ကိုယ်ပဲ ဖုန်းထဲကဂိမ်းကိုကြည့်ရင်းနေမိတယ်။ သူတို့နှစ်ယောက်ကတော့ အချင်းချင်း စကားပြောနေကြတယ်။ တစ်မိနစ်တောင်မကြာပါဘူး ဘတ်စကားတစ်စီး ခပ်ဖြေးဖြေးမောင်းလာတယ်။ ကိုယ်စီးနေကျမှတ်တိုင် စီးနေကျဘတ်စကားဆိုတော့ လက်လှမ်းတားလိုက်တယ်။
အဲဒီမှာ ကောင်မလေးတစ်ယောက်က ရုတ်တရက်ကျွန်တော့်ကို လှမ်းမေးတယ်။ မေးပုံက ကြည့်ဦး။ "Uncle! This bus go until where huh?"။ ရုတ်တရက် ဘာလဲဟဆိုပြီးဖြစ်သွားတယ်။ ပြီးမှ Ang Mo Kio Hub... Ang Mo Kio Hub. ဆိုပြီးပြန်ပြောဖြစ်တယ်။ အဲတော့မှ Ang Mo Kio Hub huh, thank you, thank you. ဆိုပြီး သူတို့လည်းကားပေါ်လိုက်တက်ကြတယ်။
ပြောချင်တာကတော့ အန်ကယ်လို့ အခေါ်ခံလိုက်ရတာကိုပါပဲ။ ဒါ ပထမဆုံး အန်ကယ်ဆိုပြီး အခေါ်ခံတဲ့ အတွေ့အကြုံဆိုတော့ ဘယ်လိုကြီးမှန်းမသိ မအီမလယ်ကြီးနဲ့။ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့လည်း အင်းအသက်ကြီးနေပါပြီလေ၊ နောက်ထပ် သုံးလေးငါးခါလောက် အခေါ်ခံရပြီးရင်တော့ အသားကျသွားလောက်ပါရဲ့ ဆိုပြီးစိတ်ဖြေရလေရဲ့။ :D