Monday, May 28, 2018

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကျွန်တော်

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကျွန်တော်


ပြောရရင် ရှစ်တန်းကျောင်းသား အရွယ်လောက်မှာ လက်ဖက်ရည်ဆိုင် စပြီး ထိုင်တတ်ပြီ။ အဲသည်အချိန်က ရပ်ကွက်လေးငါးခု ခြားတဲ့နေရာက ကျူရှင်တွေတက်ခဲ့ရတယ်။ ကိုယ်နဲ့ကျောင်းမတူတဲ့ သူတွေနဲ့လည်း သူငယ်ချင်းဖြစ်ခဲ့တာပေါ့။ စနေ၊ တနင်္ဂနွေဆို ကျူရှင်ကို အချိန်စောသွား လက်ဖက်ရည်ဆိုင်ထိုင်၊ ပြီးမှ ကျူရှင်တက်။ ကိုးတန်းရောက်တော့ တက်ရတဲ့ကျူရှင်တွေ ပိုများလာတယ်။ ကျူရှင်တစ်ခုနဲ့တစ်ခုကြား နာရီဝက်လောက်ခြားရင်ကို လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရမှ။ (နာရီဝက်ဆိုတဲ့ အချိန်က ငယ်ငယ်တုန်းကတော့ တော်တော်ကြာသလိုပဲ။) ထိုင်ပြီးတော့ ဘာလုပ်သလဲဆိုတော့ ဘာမှမလုပ်ဘူး။ ဒီလိုပဲထိုင်တာ။ သူများတွေလို ဆူညံပွက်လောရိုက် ဝေးလားဝါးလား လုပ်တာမျိုးတော့မရှိခဲ့ဘူး။

ကျွန်တော့်ပုံစံက ခပ်အေးအေးပဲနေတဲ့သူဆိုတော့ သူငယ်ချင်းအနေနဲ့တွဲဖြစ်ရင်လည်း ခပ်အေးအေးပုံစံတို့ စာဂျပိုးပုံစံတို့နဲ့ တွဲဖြစ်တာများတယ်။ အဲလိုလူတွေကလည်း လက်ဖက်ရည်ဆိုင် သိပ်မထိုင်ကြတော့ တခါလေ တစ်ယောက်တည်းလည်း ထိုင်လိုက်တာပဲ။ တခါတလေ အတန်းထဲက ဝေးလားဝါးလားလုပ်တဲ့ အဖွဲ့နဲ့လည်းထိုင်ဖြစ်သွားတာပဲ။ ကိုယ်တိုင်ကတော့ ဝေးလားဝါးလား မလုပ်ဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုတော့ ဘယ်သူနဲ့ဖြစ်ဖြစ် အလိုက်သင့် ပေါင်းလိုက်နိုင်တယ်လို့ပဲ ထင်တာပဲ။ သူတို့တွေကလည်း ကျွန်တော်ဘယ်လိုပုံစံမျိုးလည်းဆိုတာသိတယ်။ သူတို့တစ်ခုခု မဟုတ်တာ သွားလုပ်တော့မယ်ဆိုရင် ကျွန်တော့ကိုချန်ထားခဲ့တာ။ (မဟုတ်တာဆိုတာ အဲသည့်အချိန် အဲသည့်အရွယ်က ဆေးလိပ်သောက်တာတို့၊ ဘီယာသောက်တာတို့၊ ကောင်မလေးတွေနောက်ကို လိုက်တာတို့ကိုပြောချင်တာပါ)။

အဲသည့်အချိန်တုန်းက ကျောင်းပိတ်ချိန်မှာ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တွေ့ချင်ရင် သူ့အိမ်ကိုတစ်ခါတည်း တန်းသွားလိုက်ရတာမျိုးပဲ။ (အခုခေတ်ဆိုရင်တော မက်ဆင်ဂျာတို့ ဘာတို့ကနေ မက်ဆေ့ပို့ပြီး "ဟေ့ရောင် မင်းဘယ်မှာလဲ" လို့မေးကြမှာပေါ့။ အဲသည့်အချိန်က မိုဘိုင်းဖုန်းကတော့ ရှိနေပြီ။ အရမ်းကိုဈေးကြီး အရမ်းကိုရှားပြီး သောက်ကျိုးနဲချမ်းသာတဲ့သူတွေမှ ကိုင်နိုင်တဲ့ဟာမျိုး။ လိုင်းဖုန်းဆိုလည်း ဈေးကြီးသေးတယ်၊ ရှားလည်းရှားသေးတယ်။) အဲသည်လို ရှိလားမသိ မရှိလားမသိ သူငယ်ချင်းအိမ်တန်းသွား။ ဟိုရောက်တော့ သူကမရှိ။ သူ့အမေနဲ့တွေ့။ သူ့အမေက “ အေး။ သား။ မင်း သူငယ်ချင်း မရှိဘူး။ လက်ဖက်ရည်ဆိုင် သွားလား၊ ဘယ်သွားလဲ မသိဘူး။ ” ဆိုတာမျိုးပြောတာပေါ့။ ကျွန်တော်ကလည်း “ ဟုတ်ကဲ့ အန်တီ။ ကျွန်တော် ဒီလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ သွားကြည့်လိုက်မယ်။ ” ဘာညာပေါ့။ အဲဒါနဲ့ လက်ဖက်ရည်ဆိုင်ရောက်။ သူငယ်ချင်းက လက်ဖက်ရည်ဆိုင်မှာ ရှိနေရင်တော့တွေ့၊ မရှိရင်တော့ထိုင်စောင့်ပေါ့။

ဆယ်တန်းကျူရှင်တက်တော့ ရန်ကုန်မြို့ထဲမှာ။ မြို့နယ်ခြားသူငယ်ချင်းတွေနဲ့ပါ တွေ့ရတာပေါ့။ အရမ်းကြီးတော့မရင်းနှီးတော့ဘူး။ တခါတလေ ကျူရှင်မတက်ခင် လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်ဖြစ်တာတော့ရှိတယ်။ မြို့နယ်ခြားတဲ့ သူငယ်ချင်းတွေနဲ့ ချိန်းရတာပိုပြီး အထာကျတယ်။ “ အေး စာမေးပွဲတွေပြီးရင် မင်းတို့ဆီငါလာခဲ့မယ်။ စနေနေ့ နေ့လည် ၁ နာရီလောက် ”... “ ငါတို့လမ်းထဲဝင်ခဲ့ လက်ဖက်ရည်ဆိုင်ရှိတယ်၊ လက်ဖက်ရည်ဆိုင်မှာငါမရှိရင် ဘေးကဂိမ်းဆိုင်ထဲမှာရှိမယ်။ ” ... "အိုကေ မမေ့နဲ့နော်၊ ငါလာပြီးမှ မတွေ့ပဲဖြစ်နေဦးမယ်။ ” အဲလိုချိန်းတာ။ ပြီးရင်နှစ်ပတ်လောက်က တစ်ယောက်နဲ့တစ်ယောက်က မတွေ့ကြဘူး။ အဆက်အသွယ်လည်းမရှိကြဘူး။ ချိန်းတဲ့နေ့ရောက်လို့ ဒီနေ့ဘာလုပ်စရာများရှိမလဲ စဉ်းစားပြီး ပြက္ခဒိန်ကြည့် တော့မှ “ ဟား ဒီနေ့ ဟိုကောင်နဲ့တွေ့ဖို့ ချိန်းထားတာပဲ  ” ဆိုပြီး သတိရတာမျိုး။
tunzarnikyaw

လက်ဖက်ရည်ဆိုင်ပြန်ထိုင်တဲ့ အကြောင်းပဲ ပြန်ဆက်ပါရစေ။ ရည်းစားတွေနဲ့လည်း ကော်ဖီဆိုင်မှာ ခဏခဏထိုင်ဖြစ်ခဲ့တယ်။ ရည်းစားနဲ့ ကော်ဖီဆိုင် ထိုင်ရတာလည်း ကြိုက်တယ်။ တခြားလည်း ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိ။ ခွိခွိ။ နောက်တစ်ခုက သူငယ်ချင်းမဟုတ်တဲ့ အသိမိတ်ဆွေတွေနဲ့ ဆုံဖြစ်လည်း လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် ထိုင်ဖြစ်တာပဲ။  (ဗမာစကားမှာ လက်ဖက်ရည်ဆိုင်လို့ ပြောလိုက်ရင် နားလည်တာက သာမာန်ရပ်ကွက်တွေထဲမှာ ဖွင့်တဲ့ လက်ဖက်ရည် ချိုဆိမ့်၊ ကျဆိမ့်၊ ပေါ့ဆိမ့် အဲဒါမျိုးမှာလို့ရမယ်၊ ရေနွေးကြမ်း ကြိုက်သလောက်သောက် အလကားရမယ် ဆိုတဲ့ဆိုင်မျိုးပေါ့။ ကော်ဖီဆိုင်လို့ ပြောလိုက်ရင်တော့ နည်းနည်းအဆင့်မြင့်မယ်၊ အဲယားကွန်းတွေ ဘာတွေနဲ့ မှန်လုံခန်းဖြစ်မယ်၊ ရေနွေးကြမ်းတွေ ဘာတွေအလကားမရတော့ဘူး၊ အဲလိုဆိုင်မျိုးလို့ နားလည်တာပဲ။) ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး အလုပ်ထဲရောက်တော့လည်း ထမင်းစားချိန်ဆို လက်ဖက်ရည်ဆိုင်မှာပဲ သွားစားတာ။ တခါတလေ အလုပ်မှာ ညသွားအိပ်ရတာမျိုးရှိရင် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ရန်ကုန် လမ်းဘေးက မိုးလင်းဖွင့်တဲ့ဆိုင်လေးတွေမှာပေါ့။ အလုပ်ကသူငယ်ချင်းတွေနဲ့ ညသန်းခေါင်ကျော်အချိန်တွေလည်း လက်ဖက်ရည်ဆိုင်ထိုင်ဖူးတယ်။

ကျွန်းနိုင်ငံလေး တစ်နိုင်ငံမှာ နှစ်နဲ့ချီပြီး အလုပ်သွားလုပ်တုန်းကလည်း နေ့နေ့ညည ကော်ဖီဆိုင်ထိုင်တာပဲ။ ဆိုင်မျိုးကိုစုံလို့။ ဘယ်လိုကော်ဖီဖြစ်ရမယ် ဘာညာတော့မရှိဘူး။ ဆိုင်မှာထိုင်ချင်တာကိုက အဓိကအချက်။တခါတလေလည်း လက်ဖက်ရည်သောက်တယ်။ တစ်ချို့က ရှိတတ်တယ်။ လက်ဖက်ရည်သမား၊ ကော်ဖီသမားဆိုးပြီး ခွဲခြားတာ။ ကျွန်တော်ကတော့ နှစ်မျိုးစလုံး ဘာလာလာရတယ်။ အိန္ဒိယဆိုင်တွေမှာရတဲ့ မဆလာလက်ဖက်ရည်တို့ ချင်းလက်ဖက်ရည်တို့ အဲဒါမျိုးတွေလည်း သောက်လို့ဖြစ်တယ်။ အဲသည့်ကျွန်းနိုင်ငံလေးမှာတုန်းက ကျွန်တော်နေတဲ့အိမ်နားမှာ ၂၄ နာရီဖွင့်တဲ့ ကော်ဖီဆိုင်ကမရှိဘူး။ ညဖက်အိပ်မပျော်လို့ ကော်ဖီဆိုင်ထိုင်ချင်တဲ့အခါ ၂၄ နာရီဖွင့်တဲ့ ဘာဂါဆိုင်မှာထိုင်ရတယ်။ ကမ္ဘာ့နာမည်အကြီးဆုံး ဘာဂါဆိုင်နော်။ အဲဒီက ကော်ဖီကတော့ စုတ်ပြတ်သတ်နေတာပဲ။ ဒါပေမယ့်လည်း ကော်ဖီကအဓိကမဟုတ်ပါဘူး။ ထိုင်ဖို့က အဓိက။

အခု ဒီစာတွေကို ရေးသာရေးလာတယ်၊ ဘာကိုပြောချင်းမှန်း ကိုယ့်ဟာကိုယ်တောင် မသဲကွဲဘူး။ ဟီးဟီး။ အချုပ်ပြောရရင် ကျွန်တော်က လက်ဖက်ရည်ဆိုင် ကော်ဖီဆိုင်တွေ ထိုင်ရတာကြိုက်တယ်။ လက်ဖက်ရည်ပဲဖြစ်ဖြစ် ကော်ဖီပဲဖြစ်ဖြစ် သောက်တတ်တယ်။ ဒါလေးပါပဲ။ အချိန်အကုန်ခံပြီးဖတ်သွားတယ် ဆိုရင်တော့
အားလည်းနာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

တီဇက်ကေ
၂၈ မေ ၂၀၁၈