Saturday, May 21, 2016

ဒီနေ့ ၃ ခါပျော်ရပြီးပြီ

ဒီနေ့ ၃ ခါပျော်ရပြီးပြီ

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို မော်ရင်ညို(Mourinho)တို့ ဂွာဒီအိုလာ(Guardiola)တို့ ဂျိုအာချင်လိုး(Joachim Löw)တို့ကို တစ်လလောက်ပေးကိုင်ခိုင်းလိုက်ရုံနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ဆိုတာမျိုးက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကမ္ဘာ့ဖလားရဖို့ဆိုတာ စိတ်တောင်မကူးနဲ့။ ကစားသမားတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ နည်းစနစ်ကျွမ်းကျင်မှုတွေက ကမ္ဘာ့အဆင့်မှမရှိတာ။ နည်းပြတွေက တော်လွန်းနေတယ်ပဲထား ကစားသမားတွေကမလိုက်နိုင်တော့ ဘယ်လိုမှမဖြစ်နိုင်တာ။

အဲဒီတော့ ကစားပွဲမှာ မြန်မာအသင်းရှုံးပြီဆိုပါတော့။ ပရိတ်သတ်တွေက ဝေဖန်တာတွေ အပြစ်တင်တာတွေလုပ်ကြမယ်။ ဒါလည်း သဘာဝပဲမို့ လွတ်လွတ်လပ်လပ်ဝေဖန် လွတ်လွတ်လပ်လပ် အပြစ်တင်။ ကိစ္စမရှိဘူး။ ဒါပေ့မယ့် ကမ္ဘာ့အဆင့်ရှိကြောင်း တခြားအသင်းတွေနဲ့ သက်သေပြခဲ့ပြီးသား နည်းပြကို နင်းကန်လှိမ့်ပိမ့် အပြစ်တင်နေမယ်ဆိုရင်တော့ သိပ်ပြီးတော့ မဆီလျော်လှဘူး။ မြန်မာအသင်း ကမ္ဘာ့ဖလားဝင်ကန်နိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ တစ်လ တစ်နှစ် ရေတိုစီမံချက်လေးတွေနဲ့ လုပ်လို့မရဘူး။ ဟုတ်တယ်မှတ်လား။

အမ်း... ဒီလိုပဲ အန်အယ်ဒီအစိုးရကို တစ်လလောက်ပေးအုပ်ချုပ်ခိုင်းလိုက်ရုံနဲ့လည်း တစ်နိုင်ငံလုံး ၂၄နာရီ လျှပ်စစ်မီးမပျက်ပဲ အချိန်ပြည့် ရဖို့ဆိုတာမဖြစ်နိုင်ဘူး။ အန်အယ်ဒီအစိုးရရဲ့ အရည်အချင်းက ဘယ်လောက်ရှိတယ်ဆိုတာ သက်သေတော့ မပြရသေးဘူးပေါ့။ ဒါပေမယ့် အိုဘားမားအစိုးရအဖွဲ့ မြန်မာပြည်ခေါ်ပြီးလုပ်ခိုင်းရင်လည်း တစ်လအတွင်း လျှပ်စစ်မီးမှန်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်နိုင်ငံလုံးမှာ လုပ်စရာအလုပ်ကလည်း လျှပ်စစ်မီးမှန်အောင်လုပ်ဖို့ တစ်မျိုးတည်းရှိတာဆိုရင်တော့ တစ်မျိုးပေါ့။

ဟုတ်ကဲ့ ပြောချင်တာက အခုမှရောက်တယ်။ မီးပျက်လို့ အပြစ်တင်ကြ ဝေဖန်ကြ လုပ်တဲ့အခါ အန်အယ်ဒီအစိုးရလည်း အလကားပဲ အသုံးမကျပါဘူးကွာလို့ ဝေဖန်ရင်တော့ ဉာဏ်နည်းလွန်းရာကျမယ်။ ဒါမှမဟုတ် ဒီလိုကိစ္စမျိုးမှာ ဦးနှောက်က မသန်မစွမ်းဖြစ်နေတာ ဖြစ်ရင်လည်းဖြစ်မယ်။ အဲဒါကြောင့် မြန်မာဘောလုံးအသင်းနဲ့ နည်းပြ ဥပမာပေးထားတာ။ ဆိုက်ကားဆရာကနေ ဝန်ကြီးအဆင့်အထိ မြန်မာပြည်မှာ ဘောလုံး ဗဟုသုတ/အတွေးအခေါ်နဲ့ ပက်သက်ရင် အများစုက ဦးနှောက်တွေသန်စွမ်းကြတာကိုး။

အဲဒီ့ အန်အယ်ဒီအစိုးရကို လျှပ်စစ်မီးမမှန်လို့ အပြစ်တင်၊ ဝေဖန်၊ ခနိုးခနဲ့ ရိရွဲ့စောင်းမြောင်းနေတဲ့သူတွေဟာ မြန်မာဘောလုံးအသင်းမှာ(ဒါမှမဟုတ် ကိုယ်အားပေးတဲ့ ကလပ်အသင်းတစ်သင်းသင်းမှာ) ငါသာနည်းပြဖြစ်ရင် ဘယ်လိုနည်းပြလုပ်မယ် ဘယ်လိုကန်ခိုင်းလိုက်မယ်ဆိုတာ စိတ်ကူးယဉ်ဖူးမှာဖြစ်ပေမယ့်၊ အဲဒီ့လူတွေဟာ ငါသာအစိုးရဖြစ်ရင်/လျှပ်စစ်ဝန်ကြီးဖြစ်ရင် မီးမှန်အောင်ဘယ်လိုလုပ်မလဲ မတွေးမိကြဘူးလားလို့ ထင်မိတယ်။

အဲဒီ့လူတွေအတွက် ဒီလိုပဲဖြည့်တွေးလိုက်ပါတယ်။ ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်တွေ၊ ဦးသိန်းစိန်အစိုးရကို အားပေးခဲ့သူတွေဟာ အရင်တုန်းကတော့ အစိုးရဘက်က ကာကွယ်ဖာထေး ခုခံခေျပပြီးနေလာရတာဆိုတော့၊ အခုမှ ကဲငါ့တို့အလှည့်ရောက်ပြီကွဆိုပြီး တစ်ရက် ဆယ်ခါလောက် မီးပျက်တဲ့အကြောင်း ထထအော်ပြီး စိတ်ကျေနပ်မှုရှာကြတာနေမှာပဲ ဆိုပြီးပေါ့။

အပြစ်တင်ဝေဖန်တဲ့သူတွေထဲမှာ နောက်အုပ်စုတစ်မျိုးလည်းရှိသေးတယ်။ ဦးသိန်းစိန်အစိုးကိုလည်း မကြိုက်ခဲ့ဖူး၊ အန်အယ်ဒီကိုလည်း ကြိတ်ပြီးတော့အမြင်ကတ်တယ်။ အဲဒီ့အုပ်စုကိုတော့ လွတ်လပ်စွာ ဝေဖန်ပါ။ ဦးနှောက်လေးတော့ သုံးပါဦးလို့ ပြောချင်ပါတယ်။

အန်အယ်ဒီအားပေးတဲ့ လူတချို့လည်း မီးပျက်တဲ့ကိစ္စမှာ အစိုးရကိုအပြစ်ပြောချင်တာ ဝေဖန်ချင်တာ တွေ့တယ်။ အတော်များများကလည်း အီးပီစီ အပေါ်ဒေါသပုံချကြတယ်။
နောက်၂ နှစ် ၃ နှစ်လောက် ဆိုရင်တော့ ဒီလျှပ်စစ်မီးကိစ္စ အန်အယ်ဒီအစိုးရရဲ့ ကိုင်တွယ်ပုံကို
 ချီးကျူးရမလား အပြစ်တင်ရမလား ကွဲကွဲပြားပြားသိလောက်ပြီပေါ့။ ရှေ့လျောက်လည်း ဝေဖန်စရာတွေအများကြီး တွေ့ရဦးမှာလို့ထင်ပါတယ်။ လောလောဆယ်တော့ မြန်မာဘောလုံးအသင်းနဲ့ နည်းပြဥပမာကိုသာ ကိုသာပြေးမြင်လိုက်ကြပါလို့။


- တီဇက်ကေ
4:44 PM 21-May-2016