Sunday, April 21, 2019

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား


စစ်တုရင်ကစားတဲ့အခါ ပြိုင်ဘက်ရဲ့ ရည်ရွယ်ချက်ကို သိအောင်စဉ်းစားရတာလဲ အရေးကြီးတဲ့ အချက်တစ်ချက်ပဲ။ ပြိုင်ဘက်က ရွေ့ကွက်တစ်ကွက် ရွေ့လိုက်တယ်ဆိုရင် ဒီရွေ့ကွက်ကို ဘာလို့ရွေ့တာလဲဆိုတာ အရင်သိအောင်စဉ်းစားရတယ်။ သူ ဘာလို့ရွေ့တာလဲ။ ဘာလုပ်ချင်တာလဲ။ အဲဒါသိမှ သူလုပ်ချင်တာ လုပ်လို့မရအောင် ကိုယ်ကတားလို့ရမယ်။


စစ်တုရင်သမားတွေ ပွဲကြည့်ပရိတ်သတ်လုပ်တဲ့ အခါလည်းရှိတယ်။ ရိုးရိုးပြောရင် သူများတွေကစားတာကို ဘေးကထိုင်ကြည့်တာပေါ့။ ပြိုင်ပွဲဆိုရင်တော့ ဘေးကကြည့်တဲ့သူက ဘာမှကိုပြောလို့မရဘူးပေါ့။ ပွဲပြီးမှပဲ

    "ဟိုဟာကို ဘာလို့ ဟိုလို မလုပ်လိုက်သလဲ"
    "ဒီဟာက ဘာလို့ ဒီလိုရွေ့လိုက်ရတာလဲ"

ဝိုင်းမေးကြ ဝိုင်းပြောကြတော့တာပဲ။ အပျော်တမ်း ကစားကြတဲ့အခါ ဘေးကကြည့်တဲ့သူကလည်း

    "ဟိုလိုရွေ့ပါလား"
    "ဒီလိုရွေ့ပါလား"
    "ဟိုဟာဘာလို့မရွေ့တာလဲ"

ဆိုတာမျိုး ပွဲကစားနေတဲ့ အချိန်မှာကို ပြောကြတာပေါ့။

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား

ဒါပေမယ့် ကိုယ့်ထက် လက်ရည်မြင့်တဲ့ သူနှစ်ယောက် ကစားနေရင်တော့ ပါးစပ်ပိတ်ပြီး ကြည့်တာအကောင်းဆုံးပဲ။ မဟုတ်ရင် လက်ရည်မြင့်တဲ့ လူတွေရဲ့ဟားတာခံရလိမ့်မယ်။

    "မင်း တစ်ကွက်မြင် နှစ်ကွက်မြင်လေးနဲ့ နားမလည်ပဲ ဝင်မပြောပါနဲ့ကွာ"
    "မင်းပြောတဲ့ အကွက်ရွေ့လို့မရဘူး။ ရွေ့ရင် မင်းအဘက မင်းကို ဟိုလိုပြန်လုပ်သွားလိမ့်မယ်"
    "နေစမ်းပါကွာ။ ဘေးကနေ အေးဆေးကြည့်။ ပွဲပြီးရင် ဘာလို့လဲရှင်းပြမယ်"

ဆိုတာမျိုးတွေပေါ့။


(တချို့က ပြောတတ်ကြတယ် ဘေးကကြည့်တဲ့သူက ပိုမြင်တယ်ဆိုပြီးတော့ပေါ့။ တချို့ အမြန်ရွေ့ကစားပွဲတွေမှာတော့ အဲဒီအချက်က မှန်တယ်လို့‌ ပြောလို့ရတယ်။ ဒါပေမယ့် တကယ့်ပြိုင်ပွဲကြီးတွေမှာ ရှုပ်ရှုပ်ထွေးထွေးကစားရတဲ့ပွဲတွေဆို နည်းခွဲလိုင်းခွဲတွေအကုန်လုံး အာရုံအပြည့်စိုက် ကစားနေရတဲ့ ကစားသမားကပဲ အကုန်မြင်ပါတယ်။ ဘေးကခပ်ပေါ့ပေါ့ ကြည့်တဲ့သူက အကုန်မမြင်ပါဘူး။)


အပေါ်ကစစ်တုရင်ကိစ္စက ဥပမာပေးဖို့ နိဒါန်းပျိုးခဲ့တာ။ တကယ်ပြောချင်တာက "ဧရာဝတီကို ပြန်ရွေးယူကြမယ်" ဆိုတဲ့ကိစ္စ။ ပညာရှင်တွေ ထင်ရှားတဲ့သူတွေ အနုပညာရှင်တွေနဲ့ ပွဲလုပ်တယ်၊ ဆွေးနွေးတယ်၊ ဆန္ဒဖော်ထုတ်တယ်။ ဒီအထိ လုပ်ချင်တာလုပ်။ ဘာမှမဖြစ်သေးဘူး။ တိုင်းပြည်ကိုချစ်လို့ ဧရာဝတီကိုချစ်လို့ လုပ်ကြတာ။ လုပ်ပေါ့။ မြစ်ဆုံစီမံကိန်းကို သဘောမတူတဲ့ အထဲမှာ ကျွန်တော်ကိုယ်တိုင်လည်းပါတယ် (အခုအချိန်အထိ)။


ပြည်သူတွေ တစ်‌ယောက်ကို တစ်ဒေါ်လာနဲ့ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ထည့်လျော်ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ခိုင်းမယ်ဆိုတဲ့ ကိစ္စကတော့ နည်းနည်း အူကြောင်ကြောင် နိုင်တယ်လို့ထင်တယ်။ ကိုယ့်အလုပ်မဟုတ်တာကို ဝင်လုပ်နေတာလို့လည်း ထင်တယ်။ "တစ်ပြားမှ စိုက်မလျော်နိုင်ဘူးကွာ" ဆိုတဲ့ သူတွေလည်းရှိတယ်။ စိုက်လျော်ပေးမယ့်သူနဲ့ မလျော်မယ့်သူ ဘယ်လောက်စီရှိမလဲတော့ မသိဘူးပေါ့လေ။


တရုတ်သမ္မတအတွက် ဆိုပြီးတော့ အိတ်ဖွင့်ပေးစာတောင် ရေးလိုက်သေးတယ်။ တရုတ်သမ္မတသာသိရင် အဟက်ဟက်ဟက်ဆိုပြီး ရယ်နေမလားပဲ။ ဖြစ်ပုံက မိဘတွေ စာချုပ်စာတမ်းနဲ့ငှားရမ်းထားတဲ့ ပစ္စည်းတစ်ခုကို ကလေးတွေက စုဗူးလေးခွဲပြီးပိုက်ဆံပြန်ဆပ်ပါ့မယ်၊ သားတို့သမီးတို့ကို ပစ္စည်းလေးပြန်ပေးပါနော်ဆိုပြီး သွားပြောသလိုဖြစ်နေတယ်။ ဟိုက သိပ်သဘောကောင်းတော့ ခေါင်းလေးပွတ်ပေးပြီး ဪအေးအေးအေး ဆိုပြီးရယ်သွားသလိုမျိုး။


တချို့က‌တော့ ဒီလိုလုပ်တာ ပြည်သူတွေရဲ့ သသဘောထားကို တရုတ်ကသိသွားအောင် အစိုးရလည်းသိသွားအောင်လုပ်တာလို့ပြောကြတယ်။ အမှန်က တရုတ်ကလည်းသိပြီးသား၊ အစိုးရကလည်းသိပြီးသား။ သိသည်ထက်သိအောင် လုပ်ရတာဆိုရင်၊ လုပ်ပါ။ လုပ်လို့ရပါတယ်။ ဒီရည်ရွယ်ချက်က အဓိကပါဆိုရင်တော့လည်း လက်ခံတယ်။


ဒါပေမယ့် စာချုပ်ထဲမှာ ဘာပါသလဲဆိုတာတောင် မသိပဲနဲ့ ဘယ်လိုပြန်လျော်မယ် ဘာမယ် ညာမယ် ဆိုတာကတော့ နည်းနည်းများသွားပြီ။ စစ်တုရင် စကားနဲ့ပြောရရင် "တစ်ကွက်မြင် နှစ်ကွက်မြင်နဲ့ ဘေးကနေဝင်ပြောနေတယ်" ဆိုတာလိုမျိုးပဲ။


တချို့ကလည်းပြောကြတယ် ဒါဆို အစိုးရက ပြည်သူကို ဘာလို့ စာချုပ် ချမပြသလဲပေါ့။ စာချုပ်ကိုချပြ။ အစိုးရ မလျော်နိုင်ရင် ပြည်သူက စိုက်လျော်လိုက်မယ်။ တရုတ်ကလည်း ကျေနပ်သွားမယ်။ အာဟား ... လွယ်လွန်းမနေဘူးလား။


စစ်တုရင် ဥပမာနဲ့ဆို ကစားပွဲမှာ အာရုံစိုက်ကစားနေတာက ဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က အခုပွဲလုပ်သွားတဲ့သူတွေအားလုံးထက် လက်ရည်အများကြီးမြင့်တယ်။ ဒီလောက်လွယ်တဲ့ ရွေ့ကွက်လေးကို သူလည်းမသိပဲနေမှာ မဟုတ်ဘူး။ လက်ရည်နိမ့်တဲ့သူတွေ နားမလည်နိုင်တဲ့ တခြားရွေ့ကွက်တွေ ရှိနေတာပဲဖြစ်မယ်။


NLD အစိုးရ မဖြစ်ခင်က "အစိုးရဖြစ်ရင် မြစ်ဆုံကိစ္စ ဘယ်လိုဖြေရှင်းမလဲ" ဆိုတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တဲ့အထဲမှာ "စာချုပ်ထဲမှာဘာတွေပါသလဲဆိုတာ မသိပဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျမအခုပြောလို့မရပါဘူး ... စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ် ... ... "(စကားလုံး အတိအကျမဟုတ်) ဆိုတာမျိုးပြောခဲ့တာ။ ပြောခဲ့တဲ့အတိုင်းလုပ်လိုက်ရင် ပြီးနေပြီ ရနေပြီလို့ ထင်ရပေမယ့် အဲသည်လောက် မလွယ်လို့ပဲဖြစ်မယ်လို့ပဲထင်တယ်။


ဆိုတော့ "ဘေးကနေ အေးဆေးကြည့်ကြ ပွဲပြီးမှ ဘယ်အကွက်ကို ဘာကြောင့်ရွေ့တယ်ဆိုတာ ရှင်းပြမယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောနေမလားလို့တွေးမိတယ်။ ။



တီဇက်ကေ
၂၁ ဧပြီ ၂၀၁၉