Thursday, September 2, 2010

သရဲခြောက်သောဟိုတယ် တဲ့

သရဲခြောက်သောဟိုတယ် တဲ့

ကျွန်တော်ကရန်ကုန်မှာ နေတာပါ။ မန္တလေး-ပြင်ဦးလွင်ကြားမှာရှိတဲ့ ရတနာပုံ နည်းပညာမြို့သစ်ကို အလုပ်ကိစ္စနဲ့ အပတ်တိုင်းသွားရတယ်။ တနင်္ဂနွေနေ့ ညနေဆို ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကနေ ပြင်ဦးလွင်သွားမယ့် express နဲ့ လိုက်ရပြီ။ အင်္ဂါနေ့ဆို ပြင်ဦးလွင်ကနေရန်ကုန် ပြန်တဲ့ express နဲ့ရန်ကုန်ပြန်တယ်။ ရန်ကုန်မှာကလည်း အလုပ်ရှိသေးတာကိုး။ (ဘာအလုပ်လုပ်လဲလို့တော့ မပြောတော့ပါဘူး။ သိချင်ရင် နောက်ကနေလိုက်ကြည့်ကြပါ) :) အဲသည်လို သွားလိုက်ပြန်လိုက်နဲ့ (၈)လကျော်လောက်ရှိပြီ။ အကြိမ်နဲ့တွက်ရင် အကြိမ် (၄၀) နီးပါးပေါ့ (ကြံုတုန်းကြွားတာ :P)။ ကားဂိတ်က ကားဆရာတွေဆို ကျွန်တော့်နာမည် သိနေတဲ့အထိပေါ့။

ပြင်ဦးလွင်၊ ပြင်ဦးလွင်၊ ပြင်ဦးလွင်။ ပြင်ဦးလွင်မြို့အကြောင်းတော့ ဘာမှ အများကြီးမပြောတော့ပါဘူး။ နာမည်ကျော်မြို့ဆိုတော့ သိကြပြီးသားဖြစ်မှာပါ။ ပြောပြရမယ်ဆိုရင်လည်း ပြင်ဦးလွင်မြို့အကြောင်း ကျွန်တော်က ဘာမှတော့သိပ်မသိဘူး :D။ ပြင်ဦးလွင်မြို့သည် အရှေ့လောင်ဂျီကျူ့ ဘယ်လောက် ဒီဂရီ ဘယ်လောက် မိနစ် နှင့် မြောက်လတ္တီကျူ့ ဘယ်လောက်ဒီဂရီ ဘယ်လောက်မိနစ် အကြား၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းဘယ်လောက်တွင် ရှိပါသည် ဆိုတာမျိုးသိချင်ရင်တော့ ပြင်ဦးလွင်မြို့အကြောင်းရေးထားတဲ့ စာအုပ်တွေမှာရှာဖတ်ကြပါလို့ ပြောချင်ပါတယ်။ အင်တာနက် မှာရှာလိုက်ရင်လည်း ရလောက်ပါတယ်။ ကျွန်တော့ blog ကို အဲသည်လို fact မျိုးတွေနဲ့ လေးပြီးတော့ မနေစေချင်လို့ပါ။ (ရုပ်တည်နဲ့ ပြောတာနော် ဒါက :P)

ဟုတ်ကဲ့ ဆက်ပြီးပြောရရင် အဲသည့် ပြင်ဦးလွင်မြို့ပေါ့ဗျာ။ အေးအေးချမ်းချမ်းရှိပါတယ်။ ကျွန်တော်လည်း သဘောကျပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ရောက်ဖူးကာစ ကတည်းက သူများတွေပြောလို့ ကြားနေတာတစ်ခုတော့ရှိတယ်။ သရဲခြောက်တယ်ဆိုတဲ့ ဟိုတယ်တဲ့။ အစကတော့ နားထောင်ထားလိုက်ရုံပါပဲ။ နောက်တစ်ပတ် နှစ်ပတ်လောက်ကြာတော့ ထပ်ကြားရပြန်ရော။ သည်တစ်ခေါက်ကျတော့ ပြောတဲ့သူကနောက်တစ်ယောက်။
"အဲသည့်ဟိုတယ်က သရဲခြောက်တယ်လေ"
"အဲသည့်ဟိုတယ်ပေါ့ သရဲခြောက်တယ်ဆိုတာ"
"ဟာ အဲဒီဟိုတယ်က နာမည်ကြီးပဲလေ သရဲခြောက်တယ်တဲ့"
အဲသည်လို့နဲ့ ဟိုလူပြော သည်လူပြော ပြောပြောနေကြလေတော့။ ဟုတ်ပြီဗျာ အဲသည့် သရဲခြောက်တဲ့ ဟိုတယ်ကို ကျွန်တော်သွားတည်းမယ်ဆိုပြီး တွေးထားလိုက်မိတယ်။ တော်တော်နဲ့တော့ မသွားဖြစ်သေးဘူး။ သွားတည်းဖြစ်တော့လည်း ...

လပြည့်ည ...
ည (၈) နာရီလောက် ...
သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် ...
ဟိုတယ် reception ...
receptionist နဲ့ စကားပြောဆိုပြီး မှတ်ပုံတင်တွေပေးပြီး တည်းရမယ့် အဆောင်ဘက်ကိုထွက်ခဲ့တယ်။
ကျွန်တော်တို့နှစ်ယောက်ကို အသက် (၅၀) ဝန်းကျင် အမျိုးသမီးကြီးတစ်ယောက်က ဦးဆောင်ပြီးခေါ်သွားတာပါ။
ဟိုတယ်ဝင်းကြီးကတော်တော်ကျယ်ပါတယ် ခြံစည်းရိုးပတ်ပတ်လည်လောက်မှာ သစ်ပင်အကြီးကြီးတွေ အပြည့်ရှိပါတယ်။
သည်ဟိုတယ်ကို သည်ညမှ စရောက်ဖူးတာပါ။ ခြံဝင်းထဲမှာ မီးပျက်နေတာလား မီးမထွန်းထားတာလားတော့မသိဘူး မှောင်တော့မှောင်နေပါတယ်။
လပြည့်ညမို့ နည်းနည်းတော့မြင်ရပါတယ်။ အင်း ... ဒါပေမယ့် မိုးတွင်းမို့ မိုးနည်းနည်းအုံ့နေတယ်။ လကကောင်းကောင်းမသာနိုင်ဘူး။ ဟုတ်ပါ့။ ကောင်းကင်ကို မော့ကြည့်တော့ တိမ်မည်းမည်းတွေကြားမှာ လရိပ်က ဝိုးတိုးဝါးတားနဲ့။

အဆောင်တစ်ခုလုံး တည်းခိုမယ့်သူ တစ်ယောက်မှရှိမနေပါဘူး။ ရှေးဟောင်းနှစ်ထပ်အိမ် အဆောင်ကြီးပါ။ သစ်သားလှေကားကြီးပေါ် တဒုန်းဒုန်းလျှောက်ရင်း တက်ခဲ့ရပါတယ်။ အထဲမှာတော့ မီးရောင်က မလင်းချင်လင်းချင်။ မီးအားနည်းနေသလား မီးသီးတွေပဲ သိပ်မကောင်းတော့သလားမသိဘူး။ အပေါ်ထပ်အခန်းယူပါဆိုပြီး ကျွန်တော်တို့ကို အပေါ်ထပ်အခန်းလိုက်ပို့ပါတယ်။ အနေအထားကတော့ ဟုတ်နေပြီ။ သရဲခြောက်လို့ကောင်းလိုက်မယ့် အနေအထားပဲ။ လိုက်ပို့တဲ့ အမျိုးသမီးကြီးက ကျွန်တော်တို့ကို မှာစရာရှိတာလေးတွေမှာပါတယ်။ အခန်းထဲမှာတော့ မဆိုးပါဘူး။ အခန်းက ကျယ်တာတော့ အကျယ်ကြီးပဲ။ ကျွန်တော်တို့လည်း ပစ္စည်းတွေထားခဲ့ပြီး ညစာစားဖို့အတွက် ပြင်ဦးလွင်မြို့ထဲကို ခဏပြန်ထွက်ခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ထဲမှာ ညစာစားတယ်။ ကော်ဖီဆိုင်ထိုင်တယ်။ (၁၀) နာရီတောင်ထိုးတော့မယ်။ မြင်းလှည်းတွေ၊ ဆိုင်ကယ် တက္ကစီတွေလည်း ရှာမတွေ့တော့လေတော့ စကားတပြောပြောနဲ့ လမ်းလျှောက်ရင်းပဲ ဟိုတယ်ကို ပြန်လာခဲ့ကြပါတယ်။ ဟိုတယ် အဝင်မှာ ဓာတ်ပုံရိုက်လိုက်ကြသေးတယ်။ ဒီည သရဲနဲ့တွေ့ရင် ဓာတ်ပုံရိုက်မှာ၊ အင်တာဗျူးလို့ရရင် သရဲကို အင်တာဗျူးပါလုပ်ဦးမှာ လို့ကြံုးဝါးထားတာပါ။ ပြီးရင် ကျွန်တော််က blog ရေးဖို့စိတ်ကူးရှိထားပြီးသားလေ။

အင်း အခန်းထဲပြန်ရောက်တော့ နည်းနည်းပင်ပန်းနေပြီ။ ရေတောင်မချိုးနိုင်တော့ပါဘူး။ သွားတိုက် မျက်နှာသစ်ပြီး။ အိပ်ယာပေါ်မှာပဲ လှဲနေလိုက်တော့ပါတယ်။ ဘုရားလည်း မရှိခိုးတော့ပါဘူး တော်ကြာ သရဲ မလာနိုင်ဖြစ်သွားဦမယ်။ တရားစာတွေ ဘာတွေလည်း မရွတ်တော့ပါဘူး။ ခပ်ညံ့ညံ့ TV အစီအစဉ် တွေကြည့်ရင်း ဒီလိုပဲနေ နေလိုက်ပါတယ်။ ဘာသရဲမှ မလာသေးဘူး။ သရဲမလာနိုင်တဲ့ အဆောင်တွေလက်ဖွဲ့တွေများ ပါနေသလားလို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့လည်း ဘာမှဆောင်ထားတာမရှိဘူး။ ဆောင် ထားတာဆိုလို့ ဖုန်းထဲမှာ ထည့်ထားတဲ့ ကျွန်တော်သိပ်ချစ်ရတဲ့ ကောင်မလေးရဲ့ ပုံပဲရှိတယ်။ သတိတရနဲ့တောင် ကြည့်လိုက်မိသေးတယ်။ :P မနက်လည်း (၇) နာရီလောက်သွားရမှာမို့ ဖုန်းနဲ့ပဲ alarm ပေးလို့ အိပ်လိုက်ပါတယ်။

မနက်မိုးလင်းတော့ နှိုးစက်သံကြားလို့နိုးလာပါတယ်။ အင်း ... ဘာသရဲမှလည်း အခြောက်မခံရပါလား။ သရဲဇာတ်လမ်းတွေ တော်တော်များများက အတုတစ်ထောင် အယောင်တစ်သိန်းတွေထဲကပဲ ဖြစ်ရမယ်။ ရေချိုး၊ မနက်စာစားပြီး လာကြိုမယ့်ကားကို ဧည့်ခန်းမှာစောင့်ကြပါတယ်။ မနက် ၉ နာရီလောက် ကားလာကြိုတော့ သရဲခြောက်တဲ့ ဟိုတယ်ကို နှုတ်ဆက်လို့ ပြန်ခဲ့ပါတယ်။