Thursday, August 9, 2012

ဘိုမ လွမ်းချင်း

ဘိုမ လွမ်းချင်း

ဟုတ်ပါတယ်။ သူ့နာမည်က ဘိုမပါ။ ကျွန်တော်တို့အိမ်ကို ရောက်လာတော့ ခပ်ငယ်ငယ်ပဲရှိပါသေးတယ်။ ဘယ်ကနေဘယ်လိုရောက်လာတယ်ဆိုတာကိုလည်း အိမ်သားတွေအကုန်မသိကြပါဘူး။ ဘိုမဆိုတဲ့နာမည်ကို ကျွန်တော့်အဖွားကပေးထားတာပါ။ ဘာလို့လဲဆိုတတော့ သူက ပေါင်မုန့်အရမ်းကြိုက်တတ်လို့ပါတဲ့။ ဟုတ်ပါတယ်။ ဘိုမဆိုတာ ပေါင်မုန့်ကြိုက်တတ်တဲ့ ကြောင်မလေးတစ်ကောင်ပါ။


ဘိုမက လိမ္မာတယ်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဘိုမကလိမ္မာတယ်လို့ပြောတာမဟုတ်ပါဘူး။ တကယ့်ကို လိမ္မာတာပါ။ ဟိုးအရင်ကလည်း အိမ်မှာ ကြောင်လေးတွေမွေးဖူးပါတယ်။ ဘိုမလောက်မလိမ္မာကြပါဘူး။ ဘိုမကလေးမွေးတော့လည်း ဘိုမရဲ့ကလေးလေးတွေနဲ့ အတူတူမွေးထားတာပါပဲ။ ဘိုမလောက် ဗီဇမကောင်းကြဘူး။ ဘိုမက လူ့အရိပ်အကဲလည်း တော်တော်သိတတ်တယ်။ ကျွန်တော့် အငယ်ဆုံး ဝမ်းကွဲညီမလေး ဇွန်ဇွန်ဆို အိမ်လာရင် ဘိုမကို စိတ်ကြိုက်ကိုင်တွယ် ဆော့ကစားနေတာပါပဲ။ ဘိုမကို ရိုက်လားရိုက်ရဲ့၊ စောက်ထိုးမိုးမျှော်လုပ်လား လုပ်ရဲ့နဲ့။ ဒါပေမယ့် ဘိုမက သည်းခံရှာတယ်။ တခြားကြောင်တွေတော့ အဲသလိုလုပ်လို့မရဘူး။ ပြန်ကုတ်ခြစ်ကြတယ်လေ။


ကျွန်တော်နဲ့ ဘိုမ အကြိုက်ချင်းတူတာရှိတယ်။ အဲဒါကတော့ ပြောင်းဖူးပြုတ်။ ဘိုမက ပေါင်မုန့်အပြင် ပြောင်းဖူးပြုတ်လည်း တော်တော်ကြိုက်တတ်တယ်။ ပြောင်းဖူးတစ်ဖူးကို သူနဲ့ကျွန်တော် အတူတူစားခဲ့ဖူးတာပေါ့။ ဒါပေမယ့် အစားအသောက်တောင်းစားတဲ့အခါမှာလည်း ဘိုမက အိန္ဒြေမပျက်ဖူး။ ကျွန်တော် တစ်ခုခုစားနေတဲ့အချိန်ဆို ကျွန်တော့်နားရောက်လာတယ် လူကိုကြည့်တယ်။ မျက်နှာအမူအယာက ဘာစားနေလဲပေါ့။ နည်းနည်းကျွေးပါလားဆိုတဲ့ပုံမျိုးနဲ့။ တခြားကြောင်တွေလို တညောင်ညောင် တဆာဆာ အော်တောင်းနေတာမျိုးမဟုတ်ဖူး။ ဒါလည်း လိမ္မာတာတစ်ခုပေါ့။ ထမင်းစား စာပွဲပေါ်ဆိုလည်း လုံးဝမတက်ဖူး။ လူမရှိတဲ့အချိန်မျိုးတောင် မတက်တာပါ။ ဒီလိုသိတတ်မှုမျိုးကတော့ တကယ်ရှားပါတယ်။


ဘိုမရဲ့ အချစ်ဇာတ်လမ်းတွေတော့ ကျွန်တော်သိပ်မသိဘူး။ ဒါပေမယ့် တစ်နေ့မှာ ဘိုမ ကိုယ်ဝန်ရှိလာတယ်။ ကလေးမွေးတယ်။  ဘိုမရဲ့ကလေးတွေကို တခြားမွေးချင်တဲ့သူတွေကို နည်းနည်းကြီးလာတော့ ပေးပစ်လိုက်တယ်။ ရက်စက်တယ်တော့မဟုတ်ဖူးပေါ့လေ။ အိမ်ကလူတွေက တိရိစ္ဆာန်တွေကို အရမ်းကြီးမချစ်တတ်ဖူး။ ဒီလိုပဲ။ တိရိစ္ဆာန်မုန်းတီးတဲ့သူတွေတော့လည်း မဟုတ်ပါဘူး။ သည်းသည်းလှုပ်မချစ်တတ်ကြဘူးပေါ့လေ။ တချို့လူတွေလို သားလေးရဲ့ သမီးလေးရဲ့နဲ့ ပွေ့ဖက်နမ်းရှုံ့တာမျိုးတော့ ဘယ်လိုမှကို လုပ်လို့မရဘူး။ ဘိုမကိုတောင် တကူးတက ခေါ်ယူမွေးစားတာမဟုတ်ဖူးလေ။ သူ့ဘာသာ ဘယ်ကနေရောက်လာမှန်းမသိ ရောက်လာတာကို လက်ခံ စောင့်ရှောက် ကျွေးမွေးထားတာမဟုတ်လား။ နောက်ပိုင်း ဘိုမကိုလည်း တားဆေးထိုးပေးထားတယ်။ တစ်ခါဆို ဘိုမကိုတောင် တခြားအိမ်ပို့ဖူးသေးတယ်တယ်။ တခြားအိမ်ကိုတော့မဟုတ်ပါဘူး ဇွန်ဇွန်တို့အိမ်ကိုထည့်ပေးလိုက်တာပါ။ ဒါပေမယ့် လမ်းမှာလွတ်သွားတယ်။ ဘိုမလွတ်သွားတဲ့ သတင်းလည်းကြားရော ကျွန်တော့်အဖွားဆို ငိုတောင်ငိုတယ်။ အိမ်ကလူတွေလည်း လွတ်သွားတဲ့နေရာနားမှာ သွားရှာကြတာပေါ့။ မတွေ့ကြဘူး။ ဒါပေမယ့် နောက်နေ့လည်းကျရော ဘိုမကအိမ်ပြန်ရောက်နေတယ်။ တော်သေးတာပေါ့ဘိုမရယ်ဆိုပြီး တစ်အိမ်လုံး စိတ်သက်သာရာရကြတယ်။



ဒီလိုနဲ့ ဘိုမ အသက်ကြီးလာတယ်။ ကျွန်တော့်ညီမလေး ဇွန်ဇွန်ဆိုလည်း (၄)တန်းရောက်နေပြီ။ ဘိုမရဲ့ အသက်အတိအကျကတော့ မသိဘူးပေါ့လေ။ ဒါပေမယ့် အသက်ကြီးလာတာတော့ သိသာတယ်။ ကြောင်အိုရုပ်ပေါက်လာတယ်။ အခုန်အပျံလုပ်တာတွေ အရင်လို မြန်မြန်ဆန်ဆန်မလုပ်တော့ဘူး။ ခပ်လေးလေးနဲ့ တော်တော်လေးချိန်ဆပြီးမှလုပ်လာတယ်။ စိတ်မကောင်းသလိုဖြစ်ရပေမယ့် တရားနဲ့ပြန်ပြန်ဖြေပါတယ်။ ကြောင်မှမဟုတ်ဖူး လူဆိုတာလည်း အိုနာသေဘေးရှိတယ်။ ငါလည်းအိုရမှာဆိုပြီးပေါ့။ တစ်ခါတစ်ခါ ဘိုမကတရားပြပေးနေသလိုတောင် ခံစားရတယ်။


အဲဒီနေ့ညက သူ ကျွန်တော့် စာအုပ်ပုံတွေကြားမှာအိပ်တယ်။ စာအုပ်ပုံတွေထဲကနေ မောင်းထုတ်ဦးမလို့ပါပဲ။ ဒါပေမယ့် ညနေက ကျွန်တော်အဒေါ်ပြောသံကို ပြန်ကြားမိတယ်။ ဘိုမ အစာမစားတာ နှစ်ရက်ရှိပြီတဲ့။ သြော် ဘိုမ နေမကောင်းဘူးထင်တယ်။ အိပ်ပါစေတော့လေ ဆိုပြီး စာအုပ်ပုံတွေကြားမှားပဲ ထားလိုက်တော့တယ်။ မနက်မိုးလင်းတော့ စာအုပ်တွေကြားကနေ သူထတယ်။ လမ်းလျှောက်တာက ယိုင်နေတယ်။ ရေတိုက်တော့ သူရေသောက်တယ်။ တော်တော်များများသောက်သွားတယ်။ ကြောင်စာတွေသိမ်းထားတဲ့ အဒေါ်ကမရှိတော့ ကြောင်စာဘယ်မှာမှန်းမသိလို့ မကျွေးလိုက်ရဘူး။ ရေသောက်လို့ဝတော့ ဝရန်တာကနေ အိမ်ရှေ့ခေါင်မိုးပေါ်တက်တယ်။ ပြီးတော့ ဘေးအိမ်ခေါင်မိုးပေါ်ကို ခုန်ကူးတယ်။ ခုန်ကူးဖို့အရေး သူ့မှာတော်တော်အားယူနေရပုံရတယ်။ ဟိုဘက်ခေါင်မိုးပေါ်ရောက်တော့ လဲကျသေးတယ်။ ကျွန်တော်ထင်တာက သြော် ဒီနေ့က နေသာတယ်ဆိုတော့ နေပူဆာလှုံမလို့ပေါ့။ အဲသလိုထင်တာ။ မဟုတ်ဘူး။ ဆက်သွားတယ် ကျွန်တော်တို့ တစ်အိမ်ကျော်အိမ်ရဲ့ ခေါင်မိုးပေါ်အထိ ဆက်သွားတယ်။ အဲဒီရောက်မှ လှဲအိပ်နေတယ်။ သူ့ကိုနောက်ဆုံးတွေ့လိုက်ရတာက အဲဒီ့အထိပဲ။ နာရီဝက် တစ်ခါလောက် သူ့ကို လှမ်းလှမ်းကြည့်နေတာပဲ။ ဒါပေမယ့် နေ့လည်လောက်ကျတော့ သူ့ကို အဲဒီမှာမတွေ့တော့ဘူး။ ညနေကျတော့လည်း အိမ်ပြန်မလာဘူး။ နောက်နေ့မနက် ဘေးအိမ်တွေကို လိုက်မေးကြည့်တယ်။ မတွေ့ကြဘူး။ ထူးထူးဆန်းဆန်းပဲ ပျောက်သွားတယ်။

အိမ်မှာ တစ်ယောက်တစ်မျိုးပြောကြတယ်။ ဘိုမက အိမ်ကလူတွေကို ဒုက္ခမပေးချင်လို့ တခြားမှာသွားသေတာတဲ့။ သနားပါတယ်တဲ့။ အရမ်းလိမ္မာတဲ့ကြောင်လေးတဲ့။ ဆရာဝန်တောင် မပြပေးလိုက်ရဘူးတဲ့။ သူ့ကိုယ်သူ သေမယ်ဆိုတာကြိုသိနေမယ်ထင်တယ်တဲ့။ အစာလည်း ကျွေးတာမစားတော့ဘူးတဲ့။

လိမ္မာတဲ့ ဘိုမတစ်ယောက်(တစ်ယောက် လို့ပဲသုံးလိုက်တယ်) ကောင်းရာမွန်ရာရောက်ပါစေ။

No comments:

Post a Comment