ငါးပိ ကြိုက်တဲ့ ကျွန်တော် (၃)
ကျွန်တော့်ရဲ့ အမိမြေ ရွှေနိုင်ငံမြန်မာပြည်နဲ့ ရေမြေခြားတဲ့ ကျွန်းနိုင်ငံလေးတစ်ခုမှာ ကျွန်တော် အလုပ်သွားလုပ်တုန်းကပေါ့။ ငါးပိနဲ့ပတ်သတ်တဲ့ အမှတ်ရစရာလေး ကျွန်တော်ကြုံခဲ့တယ်။ အဲဒီ့ကျွန်းနိုင်ငံလေးထဲ ၆ လလောက်နေပြီးတဲ့ အခါမှာ အစားအသောက်နဲ့ပတ်သက်လို့ပေါ့ လူက တစ်မျိုးဖြစ်လာတယ်။ စားလိုက်ရင်လည်း ဘာစားစား အာသာမပြေသလို၊ ပေါ့ရွှတ်ရွှတ်နိုင်သလိုလို့၊ တစ်ခုခုလိုနေသလို ဖြစ်ဖြစ်လာတယ်။ နောက်ဆုံးလူက အားမရှိ သလိုလိုတောင်ဖြစ်လာတယ်။ အဲဒီမှာမကြာခဏစားဖြစ်တာတွေကတော့ ကြက်ကြော်တို့ ဘာဂါတို့ပေါ့။ တရုတ်စာဆိုလည်း မီဟွန်းကွေး ဟော့ကင်းမီးတို့လိုမျိုးလည်း စားပါတယ်။ စရောက်ခါစကတော့ စားလို့ကောင်းသလိုလိုနဲ့ နောက်တော့စားရတာ ပေါ့လာတယ်။ ရန်ကုန်ကပို့လိုက်တဲ့ ကြက်သားကြော်နဲ့ အဲဒီကကြက်ကြော်နဲ့တောင် ကြက်သားအရသာချင်းက မတူတာသိပ်သိသာတယ်။ အသီးအနှံစားရင်တောင် မတူသလိုပဲ။ ရေခံမြေခံဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာ။
တစ်ရက်တော့ မြန်မာတွေစုတဲ့နေရာလည်းဖြစ်၊ မြန်မာဆိုင်တွေအများကြီးရှိတဲ့နေရာလည်းဖြစ်တဲ့ ပလာဇာတစ်ခုကိုသွားပြီး။ ငါးပိရည် တို့စရာနဲ့ ထမင်းစားလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ အဲဒီတော့မှ ကျွန်တော်ရဲ့ အသွေးအသားတွေကပါ ငါးပိကို တောင့်တကြပါလား ဆိုတာသိလိုက်ရတော့တာပါပဲ။
I think there is no one who doesn't like 'Nga Pi' in Myanmar. Sir :)
ReplyDelete